နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်၌ ဆွဲ၊တင်၊စစ် ရှောင် ဒေသခံများထဲမှ ကလေးငယ် တစ်ဦးနှင့် လူကြီး တစ်ဦး သေဆုံး



MYARF
RB News
8.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အတင်းအဓမ္မ ဆွဲ၊တင်၊စစ် တွင် မပါဝင်လို၍ တောတောင်ထဲသို့ ရှောင်တိမ်းနေကြသည့် ဒေသခံများ ထဲမှာ မွေးကင်းစ ကလေးငယ် တစ်ဦးနှင့် နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်းကို ခံရသည့် ဒေသခံတစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ မြောက်ပိုင်း တောင်ဘဇာ၊ ငရန့်ချောင်း၊ ခြင်းသမား၊ ပြင်တောပြင်၊ ဒါးပိုင်ဆရာ စသော ကျေးရွာများတွင် ဒေသခံ ရိုဟင်ဂျာများက ဆွဲ၊တင်၊စစ် အစစ်မခံသဖြင့် နယ်ခြားစောင့် ရဲများက ရိုက်နှက်ခြင်း၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ကာ အတင်း အဓမ္မ စစ်ဆေးခံစေခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ အိမ်ထောင် ဦးစီးများ၊ အမျိုးသား တိမ်းရှောင်နေခဲ့သဖြင့် အမျိုးသမီးများ၊ ကလေးများကို ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်ထားကာ မိသားစု အစုံအလင် လာရောက် စစ်ဆေးခံစေခဲ့သည်။ မတ်လ (၂) ရက်နေ့တွင် ငရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၁၅) ရှိ ဗလီမှ ဒေသခံ (၉) ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ၎င်းတို့၏ မိသားစုဝင်များကို လာရောက်၍ စစ်ဆေးခံစေသည့် အပြင် ငွေများလည်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မတ်လ (၅) ရက်နေ့တွင်လည်း တောင်ဘဇာဈေးမှ ဒေသခံ (၁၅) ဦးကို ဖမ်းဆီးခဲ့သည်။ ခြင်းသမား ကျေးရွာနှင့် ခြင်းသမား ကျေးရွာ အုပ်စု ပြင်တော်ပြင်ရွာ များမှ ရိုဟင်ဂျာများက လုံးဝ စစ်ဆေးမခံလိုသဖြင့် မတ်လ (၃) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့်ရောက်ရှိလာပြီး ၎င်းတို့ မျက်စိရှေ့တွင် တွေ့သည့် အမျိုးသမီးများ၊ ကလေးများကို ရိုက်နှက်ခဲ့သည်။ ထိုကဲ့သို့ ရိုက်နှက်မှုများကြောင့် မတ်လ (၄) ရက်နေ့တွင် စစ်ဆေးမခံလိုသည့် ရွာသား အများစုသည် မိသားစုအလိုက် တောတောင်ထဲတွင် တိမ်းရှောင်နေခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ ရွာထဲတွင် အတင်း အဓမ္မ စစ်ဆေးခံရသူများသာ ကျန်ရစ်ခဲ့ပြီး၊ တောတောင်ထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး (၃) ဦး မီးဖွားခဲ့ပြီး၊ ဆေးဝါးကုသမှု မရခဲ့သဖြင့် ကလေး တစ်ဦး သေဆုံးခဲ့ရသည်။ မတ်လ (၃) ရက်နေ့ညတွင် နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်း ခံရသော သူတစ်ဦးလည်း ထိုတောတောင်ထဲတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

ပြင်တော်ပြင် စက်လှေဆိပ်၌ နယ်ခြားစောင့် ရဲများက ကင်းစောင့်၍ အ၀င် အထွက် စက်လှေများကို စစ်ဆေးပြီး၊ ဆွဲ၊တင်၊စစ် အစစ်ဆေး မခံကြသူများ တွေ့လျှင် ထိုနေရာတွင်ပင် တစ်နေကုန် ထိုင်ခိုင်း၍ ညနေချိန်တွင် နယ်ခြားစောင့် ရဲများ စခန်းချလျက် ရှိသည့် ခြင်းသမား ကျေးရွာ အကျော်သို့ ခေါ်ဆောင်သွားပြီး၊ မိသားစုများကို အကြောင်းကြား ခေါ်ဆောင်လာကာ အိမ်ထောင်ဦးစီးများကို မိသားစုများ ရှေ့မှောက်တွင် ရိုက်နှက်၍ မိသားစုများအား စစ်ဆေး၍ ဓါတ်ပုံရိုက်ခိုင်းသည်။ ခရီးထွက်သူများမှာလည်း အိမ်ထောင်စု စာရင်းကို အတူ ယူဆောင်နေရသည်။

မတ်လ (၆) ရက်နေ့ ညနေပိုင်း အချိန်တွင် နယ်ခြားစောင့် ရဲများ လမ်းပေါ်သို့ ထွက်၍ ဆွဲ၊တင်၊စစ် စစ်ဆေးခံသူများ၊ အစစ်ဆေးမခံသူများ မရွေးဘဲ ၎င်းတို့ ရှေ့တွေ့သမျှကို ရိုက်နှက်ခဲ့ရာ ဒေသခံ အချို့ ခေါင်းကွဲ၊ နှုတ်ခမ်းကွဲဖြင့် အမျိုးမျိုး ဒဏ်ရာ ရခဲ့ကြသည်။ ရွာသားများလည်း ဆွဲ၊တင်၊စစ် တွင် မပါဝင်လို၍ စုရုံး၍ အော်ဟစ် ချီတက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ယနေ့ မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင်လည်း နယ်ခြားစောင့် ရဲများက ဒေသခံများကို ထပ်မံ ရိုက်နှက် ခဲ့သဖြင့် ရွာသားများ စုရုံးလာရာ နယ်ခြားစောင့်ရဲများက သေနတ် ပစ်ဖောက်ခဲ့သည်။ သို့သော်လည်း ရွာသားများက နောက်မဆုတ်၊ ရှေ့မတိုးဘဲ ရပ်တန့်နေခဲ့သည်။ ဒေသခံများက နယ်ခြားစောင့် ရဲများက ယခုကဲ့သို့ ဆက်လက် ပြုလုပ်နေမည် ဆိုပါက ပြဿနာ တစ်စုံတစ်ရာ ကြီးကြီးမားမား ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus