နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဖရုံချောင်း ကျေးရွာမှ အာဏာပိုင်များ၏ တပည့်တစ်ဦးက ဒေသခံများထံမှ ငွေညှစ်




MYARF
RB News
9.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာမှ အာဏာပိုင်များ၏ ပွဲစားဖြစ်သူ ဦးဆော်လီမူလ္လာက ဒေသခံများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်၍ ဒုက္ခပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာနေ အာဏာပိုင် များ၏ ပွဲစား ဖြစ်သူ ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်းက စိမ်းညှင်းပြင်ရှိ စစ်တပ်နှင့် ပူးပေါင်း၍ ဒေသခံ ရွာသားများကို နှိပ်စက်လျက် ရှိကြောင်း သိရသည်။ ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ် များတွင် Care Myanmar NGO မှ နည်းပညာနှင့် အခြားအထောက်အပံ့များ ပေးပြီး ဒေသခံများကို ဥယျာဉ်ခြံများ စိုက်ပျိုးစေခဲ့သည်။ ၎င်းဥယျာဉ်ခြံများ လုပ်ကိုင် စားသောက်နိုင်ရန် Care Myanmar က အစိုးရထံမှ နှစ်ပေါင်း ၃၀ အတွက် ခွင့်ပြုချက် ရယူပေးခဲ့သည်။ ထိုဥယျာဉ်များကို ဦးဆော်လီမူလ္လာက ၎င်းပိုင် ဥယျာဉ်များကဲ့သို့ တစ်ဦးတည်း မောင်းပိုင်စီးနိုင်ရန် ကြံစည်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ယခုအခါ ဦးဆော်လီမူလ္လာက စိမ်းညှင်းပြင်ရှိ စစ်တပ်နှင့် ပူးပေါင်း၍ ဥယျာဉ် ပိုင်ဆိုင်သူများက ၎င်းတို့၏ ဥယျာဉ်များမှ သစ်ခုတ်လျှင်ပင် ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဖရုံချောင်း ပြိုင်းတောင်မှ အဒူလ္လာ (ဘ) ဦးအီဒိရီစ် (အသက် ၂၀ နှစ်) ၏ သစ်များကို သိမ်းဆည်း ယူသွားကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ အဒူလ္လာ၏ သစ်များမှာ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် အိမ်ဆောက်လုပ်ရန် စုဆောင်း ထားသည့် သစ်များ ဖြစ်သည်။ သိမ်းဆည်းခံရသည့် သစ်များကို ငွေညှစ်ပြီးနောက် ပြန်လည် ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင်လည်း ဖရုံချောင်းပြိုင်းတောင်မှ ဦးရော်ဖိတ် (ဘ) ဦးမိုဟာမတ်ဆော်ယာဒ် (အသက် ၄၅ နှစ်) အား ဥယျာဉ်မှ သစ်ခုတ်သည့် အတွက် ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဖရုံချောင်းပြိုင်းတောင်မှ ဦးအဒူလာမီးန် (ဘ) ဦးရုလ်အာမီးန် (အသက် ၅၀ နှစ်) ကိုလည်း ဥယျာဉ်မှ သစ်ခုတ်သည့် အတွက်ဟုဆိုကာ ဖမ်းဆီး၍ ကြိုးဖြင့် ချည်နှောင်၍ ရိုက်နှက်ကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ဖိုးခေါင်ချောင်းရွာမှ ဦးမိုဟာမတ် ဆော်လာမ် (ဘ) ဦးဟားဆူ (အသက် ၅၀ နှစ်) က ဖရုံချောင်း ပြိုင်းတောင်မှ ယောက္ခမ ဖြစ်သူ၏ ဥယျာဉ်မှ သစ်ခုတ်ခဲ့သည့် အတွက် ငွေကျပ် တစ်သိန်း နှစ်သောင်း ညှစ်ယူခဲ့သည်။ ထိုကဲ့သို့ အခြားသူထံမှလည်း ငွေများ ညှစ်ယူခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ဖရုံချောင်းပြိုင်းတောင်မှ ဒေါ်ဇာဟီးဒါ ဘေဂမ်နှင့် သားငယ် တစ်ဦးကို ဆော်ဒီအာရေဗျာ နိုင်ငံရှိ ခင်ပွန်းထံ ပို့ပေးမည်ဟုဆို၍ ငွေကျပ် သုံးသိန်းယူကာ ဒေါ်ဇာဟီးဒါ ဘေဂမ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လမ်းတပိုင်း၌ ပစ်ထားကာ ပြန်လာခဲ့သည်။ ယခင်ကလည်း ဒေါ်ဇာဟီးဒါဘေဂမ်ထံမှ ငွေကျပ် ၇ သိန်း ယူခဲ့သည်။

Comment ရေးရန်

Rohingya Exodus