နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မ ကညင်တန်းနှင့် မြို့ဦး ကျေးရွာများတွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေညှစ်လျက်ရှိ




MYARF
RB News
31.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စုနှင့် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များက ဒေသခံများထံမှ ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် အဆမတန် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ မြို့မကညင်တန်း ကျေးရွာနှင့် မြို့ဦး (ဧတာလျာ) ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဆက်လက် ငွေညှစ်လျက် ရှိပြီး၊ မြို့မကညင်တန်း ကျေးရွာ အုပ်စု၊ မောင်နီရွာတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ နေရာတွင် ငွေမကောက်ခံသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်က အပြောင်းအရွှေ့ ထောက်ခံချက်နှင့် ၂၀၁၂ ခုနှစ် မတိုင်မှီ မွေးဖွားသည့် ကလေးများ မွေးတိုး လက်မှတ်များကို ဆွဲ၊တင်၊စစ် စစ်ဆေးသည့် နေရာတွင် လက်မှတ်ထိုး မပေးဘဲ ၎င်း၏ အိမ်သို့ ဆင့်ခေါ်ကာ လက်မှတ်ထိုးပေးလျက် ရှိသည်။ ထိုသို့ လက်မှတ်ထိုးပေးရာတွင် အပြောင်းအရွှေ့ များမှ ငွေကျပ် သုံးသောင်းစီနှင့် မွေးတိုးများမှ ငွေကျပ် တစ်သောင်း ငါးထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ငွေညှစ်ရာတွင် လူတိုင်းထံမှ မဟုတ်ဘဲ ငွေကြေး တတ်နိုင်သူများထံမှသာ ညှစ်ယူခဲ့သည်ဟု ဆိုသည်။ အပြောင်းအရွှေ့ အတွက် မိသားစု ၂၀ စုမှ ငွေကျပ် သုံးသောင်းစီနှင့် ကလေး မွေးတိုး အတွက် မိသားစု ၂၇ စုမှ ငွေကျပ် တစ်သောင်း ငါးထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခဲ့သည့် မိသားစု များကို အကယ်၍ ငွေပေးခဲ့သည်ကို တစ်စုံတစ်ဦးအား ပြောဆိုပါက ထောင်ကျအောင် ပြုလုပ်မည်ဟု ပြောဆို ခြိမ်းခြောက် ခဲ့သည်ဟု ဆိုသည်။ ငွေညှစ်ခံရသည့် မိသားစုများမှာ ထောင်ချခံရမည်ကို စိုးရိမ်၍ ၎င်းတို့၏ အမည်များကို ပြောဆိုရန်ပင် ကြောက်ရွံလျက် ရှိနေကြသည်။

မြို့ဦး (ဧတာလျာ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟဲဖ်ဇူရာမန်ကလည်း ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေအဆမတန် ညှစ်ယူလျက် ရှိပြီး၊ မြို့ဦး ကျေးရွာ အုပ်စု၊ ဇူလားရွာတွင် ၎င်းက ဆင်းရဲသားများထံမှ ငွေမညှစ်သော်လည်း ငွေကြေး တတ်နိုင်သူများထံမှ အပြောင်း အရွှေ့အတွက် ငွေကျပ် ငါးသောင်းမှ တစ်သိန်း ငါးသောင်းအထိ၊ အသက်လေးနှစ်ကျော် ကလေး မွေးတိုးများ အတွက် ငွေကျပ် သုံးသောင်းမှ ခုနှစ်သောင်း အထိ ညှစ်ယူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus