နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း နယ်ခြားစောင့် ရဲများက မိုဘိုင်းဖုန်း သုံးစွဲသည့် ဒေသခံများကို ဖမ်းဆီး ငွေညှစ်




RB News
10.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကကျက်ဘက် ကံပြင် ကျေးရွာအုပ်စု၊ အိုးသည်ရွာမှ မိုဘိုင်းဖုန်း သုံးစွဲသည့် ဒေသခံများကို ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ကကျက်ဘက် ကံပြင် ကျေးရွာ အုပ်စု၊ အိုးသည်ရွာသို့ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့် ရဲများ မကြာခဏ လာရောက်၍ အနှောက်အယှက် ပေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ မိုဘိုင်းဖုန်းများ ကိုင်ဆောင်သူများကို ဖမ်းဆီး၍ ဘင်္ဂလား ဆင်းမ်ကဒ်များ ထည့်ပြီး ငွေညှစ်ခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ည (၇) နာရီ အချိန်တွင် အိုးသည်ရွာမှ ဒေသခံ (၃) ဦးသည် ၎င်းရွာ၏ တာဝန်ခံ၊ ရပ်ရွာ လူကြီးဖြစ်သည့် ဦးကော်ရီမူလ္လာ၏ နေအိမ်သို့ သွားနေစဉ် နယ်ခြားစောင့် ရဲနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အဆိုပါ ဒေသခံ (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဒေသခံ ရွာသား (၃) ဦးထံမှ ငွေကျပ် ၅ သောင်းစီ ညှစ်ယူသည့် အပြင် MPT နှင့် Mectel တို့မှ ဆင်းမ်ကဒ်များဖြင့် သုံးစွဲနေသည့် မိုဘိုင်းဖုန်း (၃) လုံးကိုလည်း တရားမသဖြင့် သိမ်းဆည်း သွားကြောင်း ဒေသခံများက ပြောပါသည်။

မတ်လ (၅) ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း အိုးသည်ရွာမှ ပညာတတ် ဘွဲ့ရ လူငယ် တစ်ဦး ဖြစ်သည့် မောင်စိုးနိုင် (ခ) အာလောမ်ရှား (ဘ) ဦးအဒူဇော်ဘော်ရ်သည် ရွာလမ်း၏ အရှေ့ဘက်ရှိ ကန်ကြီးအနီးတွင် ထိုင်၍ ဖုန်းပြောနေစဉ် အရပ်ဝတ်ဖြင့် နယ်ခြားစောင့် ရဲနှစ်ဦး ရောက်ရှိလာပြီး အကြောင်းမဲ့ ဖမ်းဆီးသည့် အပြင် ကိုယ်ထိ လက်ရောက် စော်ကား၍ မိုဘိုင်းဖုန်းကို လုယူနေစဉ် ဖခင်ဖြစ်သူ ဦးအဒူဇော်ဘော်ရ် ရောက်ရှိလာပြီး ဥပဒေဖြင့် ငြိစွန်းမှသာ ဖမ်းဆီးရန် အခြေအတင် စကားများပြီးနောက် လုယူလိုက်သည့် ဖုန်းကို ပြန်ပေးအပ်ခဲ့သော်လည်း ငွေကျပ် လေးသောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus