နောက်ဆုံးသတင်း/ဆောင်းပါးများ

အထက်ပြူးမမှ နယ်ခြားစောင့် ရဲများက ဒေသခံများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်



MYARF
RB News
9.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာအုပ်စု ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၌ တာဝန်ကျ နယ်ခြားစောင့် ရဲများသည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မတရားသဖြင့် ချုပ်နှောင် ထားခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ညမထွက်ရ အမိန့်သည် ည ၁၁ နာရီမှ နံနက် ၅ နာရီ အထိ ဖြစ်သော်လည်း အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ည ၈ နာရီမှ စ၍ လမ်းသွားလမ်းလာများ၊ တံငါသည်များ၊ ဆိုင်ရှင်များ၊ ဈေးသည်များနှင့် ဈေးဝယ်သူများ၊ ပုဇွန်ကန်သို့ သွားသူများ စသည့် ဒေသခံများကို အနှောက်အယှက် အမျိုးမျိုး ပေးလျက် ရှိသည်။ ထို့အပြင် ဒေသခံ ရွာသား ကင်းသမားများကိုလည်း အိပ်ပျော်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

ဧပြီလ (၂) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် အထက်ပြူးမ ကျေးရွာ၌ ညကင်း တာဝန် ထမ်းဆောင် နေသော ကင်းသမား (၄) ဦးတို့ကို နယ်ခြားစောင့် ရဲများက အိပ်ပျော်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသည့် ကင်းသမားများမှာ -- ဦးကာမာလ်ဟူဆောင်း (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၀ နှစ်)၊ ဦးအာဘူလ်ဟာရှိမ်း (အသက် ၃၅ နှစ်)၊ ဦးနူရူအာမီးန် (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၃၀ နှစ်) နှင့် ဦးဂူရာမီးန် (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၃၅ နှစ်) တို့ဖြစ်ကြသည်။

မတ်လ (၃၀) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် အထက်ပြူးမ ကျေးရွာမှ ယာစီးန် (ဘ) ဦးနူရူဟောက် (အသက် ၁၉ နှစ်) သည် ဆိုင်ရှေ့ ခုံတစ်ခုံတွင် ထိုင်၍ ဆင်းမ်ကဒ် မပါသည့် ဖုန်းတစ်လုံးဖြင့် သီချင်း နားထောင် နေစဉ် အဆိုပါ နယ်ခြားစောင့် ရဲများက ၎င်းတွင် ဘင်္ဂလား ဆင်းမ်ကဒ် ရှိသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည့် အပြင် ဖုန်းဟန်းဆက်ကိုလည်း သိမ်းယူခဲ့သည်။ မတ်လ (၂၉) ရက်နေ့ ည ၈း၃၀ နာရီခန့် အချိန်တွင်လည်း အာနိုစ်အုလ္လာ (ဘ) ဦးလော်ကူမျာ (အသက် ၁၈ နှစ်) သည် ဆိုင်မှ ဈေးဝယ်ပြီး အိမ်ပြန်နေစဉ် ကင်းလှည့်နေသည့် နယ်ခြားစောင့် ရဲများက ၎င်း၏ အင်္ကျီအိမ်မှ ဘင်္ဂလား တာကာငွေ ၅၀၀ တန်တစ်ရွက် တွေ့ရှိခဲ့၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ အာနိုစ်အုလ္လာသည် နတ်မြစ် တလျှောက် ငါးဖမ်းသည့် တံငါသည် တစ်ဦး ဖြစ်ပြီး၊ ငါးများကို ဘင်္ဂလားသုံး တာကာငွေဖြင့် ရောင်းချလေ့ ရှိသောကြောင့် ၎င်းထံတွင် တာကာငွေ ရှိနေခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၂) ရက်နေ့က လူငယ်များ ဘောလုံးကစားရာတွင် အာမီးရ်ခါန် (ဘ) ဦးဒိလ်မာမတ် (ဆယ်အိမ်မှူး) (အသက် ၁၇ နှစ်) နှင့် အိဒီရိစ် (ဘ) ဦးနူရူအာမီးန် (အသက် ၂၀ နှစ်) တို့ အပြန်အလှန် စကားများခဲ့ပြီး၊ ဆယ်အိမ်မှူး ဖြစ်သူ ဦးဒိလ်မာမတ်က အထက် ဖော်ပြပါ ကင်းစခန်းသို့ တိုင်ကြားရာ ည ၇ နာရီခန့် အချိန်တွင် စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိဒီရိစ်နှင့်အတူ ဆွေမျိုးတော်စပ်သူ လူငယ် နှစ်ဦး ဖြစ်သည့် အာရော်ဖူလ္လာ (ဘ) ဦးနိုရိုဇာမာ (အသက် ၂၂ နှစ်) နှင့် မာတာမီးန် (ဘ) ဦးဘော်ဒူဇာမာ (အသက် ၂၅ နှစ်) တို့ကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် တစ်နာရီခန့် အကြာတွင် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ငွေကျပ် ကိုးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ အိဒီရိစ်နှင့်သာ စကားများခဲ့၍ တိုင်ကြားခဲ့သော်လည်း မည်သို့မျှ ဆက်နွယ်မှု မရှိသော ၎င်း၏ ဆွေမျိုး လူငယ်နှစ်ဦးကိုပါ နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့သည်။

မတ်လ (၂၇) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် ဒေသခံ ရိုဟင်ဂျာ ရွာသား (၅) ဦးတို့သည် ပြူးမချောင်း အနီးရှိ နှစ်လုံး (ဘ) ဦးဆန်ကျော် (ရခိုင်လူမျိုး) ပိုင် ဂဏန်း အ၀ယ်ဒိုင်၌ ဂဏန်းရှာပြီး နားနေစဉ် နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး ၎င်းတို့အား လောင်းကစား နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် နှစ်သောင်း ငါးထောင် ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသူ (၅) ဦးမှာ -- မိုဟာမတ်ရှော်ဖိတ် (ဘ) ဦးဇော်ကိရ်အာလောမ် (အသက် ၂၅ နှစ်)၊ မာမတ်အီနုစ် (ဘ) ဦးဟာမိတ်ဟူဆောင်း (အသက် ၂၃ နှစ်)၊ အီဆုပ် (ဘ) ဦးနူရ်မာမတ် (အသက် ၁၉ နှစ်)၊ အစ္စလာမ် (ဘ) ဦးနူရ်ဂျူဟာရ် (အသက် ၂၁ နှစ်) နှင့် ခါလဲဒ်ဟူဆောင်း (ဘ) ဦးဂျာဖောရ်အစ္စလာမ် (အသက် ၂၀ နှစ်) တို့ဖြစ်သည်။

ဧပြီလ (၆) ရက်နေ့တွင် အဆိုပါ နယ်ခြားစောင့် ရဲများနှင့် တပည့်ဖြစ်သူ ဆွေတာမောတ် (အထက်ပြူးမ) တို့သည် ပြူးမချောင်း ကမ်းစပ်တွင် ထိုင်စောင့်၍ ဖြတ်သန်း သွားလာသည့် စက်လှေများနှင့် လောင်းလှေများကို ဆိုက်ကပ်ခိုင်းပြီး ခရီးသည်တင် စက်လှေ တစ်စီးမှ ငွေကျပ် တစ်ထောင်စီ ညှစ်ယူပြီး၊ ငါးဖမ်းလှေ များမှ ၎င်းတို့ ကြိုက်နှစ်သက်ရာ ငါးများ လုယက်ခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ညှဉ်းပန်း နှိပ်စက်မှု မှန်သမျှတွင် အထက်ပြူးမ ကျေးရွာသားများ ဖြစ်သည့် ဆွေတာမောတ် (ဘ) ဦးနူရ်အာလောမ် (အသက် ၃၅ နှစ်) နှင့် ဇူရ်အာလောမ် (ရာအိမ်မှူး) တို့သည် ရဲများ၏ လမ်းပြများ အဖြစ် အမြဲပါဝင်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus