နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့မှ အမည်မသိ ရခိုင်လူမျိုး (၈) ဦး ဖမ်းဆီးခံရ



MYARF
RB News
17.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဘူးသီးတောင် မြို့ပေါ်ရှိ လဘက်ရည်ဆိုင်များ၊ နေအိမ်များ၊ လမ်းများမှ အမည်မသိ ရခိုင်လူမျိုး (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များက ဘူးသီးတောင် မြို့ပေါ်ရှိ လဘက်ရည်ဆိုင်များ၊ နေအိမ်များ၊ လမ်းများမှ အမည်မသိ ရခိုင်လူမျိုး (၈) ဦးကို ဖမ်းဆီးခဲ့သည်။ မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ (၁၅) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရခိုင်လူမျိုး (၁၃) ဦးသည် အဖြူရောင် ကားငယ် တစ်စီးဖြင့် မြို့ပေါ်တွင် နိုင်ငံတော် သီချင်းကို ပြောင်းပြန် ရွတ်ဆိုကာ လှည့်လည်ခဲ့သည်။ ၎င်းတို့ နိုင်ငံတော် သီချင်း ဆိုပုံမှာ - “ကမ္ဘာမကျေ မြန်မာပြည်၊ သတ္တ၀ါ ကုလားတွေ တို့ပြည်က ထွက်ပြေး” ဟု ဆိုကာ ရိုဟင်ဂျာ ရပ်ကွက်များ ထဲသို့ လှည့်လည် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဧပြီလ (၁၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲ နှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် ဘူးသီးတောင် မြို့နယ် ညောင်ချောင်း ကျေးရွာမှ မြို့ပေါ်သို့ လာနေစဉ် ဘူးသီးတောင် ဂေါက်ကွင်း အနီးတွင် ဆိုင်ကယ် ရှေ့ဘီး ပြုတ်ထွက်ကာ ဆိုင်ကယ်မှောက်၍ နှစ်ဦး စလုံး ဒဏ်ရာရခဲ့သည်။ ထို့နောက် ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ကို ဆေးရုံသို့ ပို့ပေးခဲ့သည်။ သို့သော်လည်း ရဲများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ လုပ်ကြံသကဲ့သို့ စွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ဒဏ်ရာ ရရှိသည့် နယ်ခြားစောင့်ရဲများက အမှန်အတိုင်း ရှင်းလင်း ခဲ့သောကြောင့် ဖမ်းဆီးရန် ကြိုးစားမှု မအောင်မြင် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus