နောက်ဆုံးသတင်း/ဆောင်းပါးများ

တိုက်ပွဲကြောင့် ရခိုင် ဒုက္ခသည် ၄၀၀ နေရပ် တိမ်းရှောင်



မအေးအေးမာ
22.4.2015

မြန်မာ အစိုးရ တပ်တွေနဲ့ ရခိုင် တပ်မတော် (AA) တို့ရဲ့ တိုက်ပွဲတွေ အတွင်း ရခိုင် ပြည်နယ် ကျောက်တော်မြို့ အတွင်းက အောင်လံ ချောင်းရွာ မီးရှို့ ဖျက်ဆီး ခံရပြီး အောင်လံချောင်း၊ ပင်လုံ စတဲ့ ကျေးရွာ ၄ ရွာလောက်က ဒုက္ခသည် ၄၀၀ ကျော်ဟာ အနီးနားက စပါးဆိပ်ရွာမှာ ခိုလှုံ နေထိုင်နေ ကြပါတယ်။

အခု အခါ မှာတော့ စပါးဆိပ်ရွာမှာ မြန်မာ့ တပ်မတော် ဘက်က ယာယီ စခန်းချ ထားပြီး ၀င်ခွင့် ထွက်ခွင့် ၅ ရက် ပိတ်ထားတဲ့ အတွက် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲ နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်း ပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်က စပြီး မြန်မာ အစိုးရ တပ်တွေနဲ့ ရခိုင် တပ်မတော် (AA) တို့ဟာ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ ဒီနောက်မှာ ကျောက်တော် မြို့နယ်ထဲက အောင်လံချောင်းရွာ မီးရှို့ ဖျက်ဆီး ခံရပြီး စစ်ဘေးကြောင့် တိမ်းရှောင်တဲ့ ရွာ ၄ ရွာက ဒုက္ခသည် ၄၀၀ ကျော်ဟာ စပါးဆိပ်ရွာမှာ ခိုလှုံနေထိုင် နေကြပါတယ်။

ဧပြီလ ၂၁ ရက်နေ့က စပြီး ဒုက္ခသည်တွေ နေထိုင်နေရာ စပါးဆိပ်ရွာကို မြန်မာ့ တပ်မတော်က စခန်းချထားပြီး ၀င်ခွင့် ထွက်ခွင့်တွေ ပိတ်ထားတဲ့ အတွက် အစားအသောက် အတွက် အခက်အခဲတွေ ကြုံနေရကြောင်းကို စပါးဆိပ်ရွာက ဒေသခံ တဦးက ပြောပါတယ်။

“အသွားအလာ တွေပေါ့နော် ၅ ရက် ပိတ်တယ်လို့ ပြောထားပါတယ်။ ၀င်လို့လည်း မရဘူး။ ထွက်လို့လည်းမရဘူးလို့ ပြောထားတယ်။ အခု လောလောဆယ်က စားနပ်ရိက္ခာ အတွက် ရွာသားတွေ အကုန်လုံး ဒုက္ခရောက်နေပါတယ်။ အပြင်ထွက် လို့လည်း မရဘူး။ ဈေးသွားဝယ် လို့လည်း မရဘူး ဖြစ်နေပါတယ်။”

ဒုက္ခသည်တွေကို အကူညီပေးဖို့ အတွက် ကျောက်တော်မြို့က ဒေသခံတွေ အပြင် အနီးနားက ကျေးရွာတွေက လာခဲ့ကြပေမဲ့ ၀င်ခွင့်ထွက်ခွင့် ပိတ်ထားတဲ့ အတွက် အကူညီပေးဖို့ ခက်ခဲတယ် ဆိုပြီး အကူညီပေးဖို့လာတဲ့ ဒေသခံ တဦးက ပြောပါတယ်။

“ရွာလေးရွာက လူတွေဖြစ်တယ်။ စပါးဆိပ်ကို လာပြီးတော့ ခိုလှုံနေတာပါ။ အေး သူတို့မှာက စားစရာလည်း ဘာမှ မရှိတော့ဘူး။ သူတို့က ထမင်းနဲ့ရေနဲ့ပဲ စားရတယ်။ ပြီးတော့ ကျနော်တို့ကို အကူအညီတောင်းတယ်။”

ရခိုင် တပ်မတော်ကတော့ ဧပြီလ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေကြောင်း ပြောဆိုပြီး၊ အောင်လံချောင်းရွာ မီးရှို့ ဖျက်ဆီးခံ ရတယ်လို့ ရခိုင် တပ်မတော်က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင် က ဆိုပါတယ်။

“အဲဒါကတော့ အောင်လံချောင်း ကျေးရွာ ပေါ့နော်။ မီးရှို့သွားတယ် ဆိုတော့ ရွာသားတွေ ကတော့ အဲဒီရွာကနေ အကုန် ထွက်ခွာသွားတယ်။ ဖြစ်နိုင်တာ ကတော့ အဓိကကတော့ ဒီ ကျနော်တို့ ရခိုင် တပ်မတော်နဲ့ သူတို့က အဲဒီမှာ လှုပ်ရှား သွားလာတယ် ဆိုတော့ ဒီနောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ရွာသားတွေထဲက အရေးပေါ် များလာတာ ဖြစ်တယ်။ အဓိကကတော့ မြန်မာ့ တပ်မတော် အနေနဲ့ကတော့ သူတို့ ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးပါ။ ဒီဟာက ဟို တိုင်းရင်းသား ဒေသ အသီးသီးတွေမှာ ကြွက်မနိုင် ကျီမီးရှို့တဲ့ ပုံစံမျိုးကတော့ တွေ့ရတယ်ခင်ဗျ။”

ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အတွက် ဒေသခံတွေ ကတော့ စိုးရိမ် ပူပန်မှုတွေ ရှိနေတာပါ။ မြန်မာ တပ်မတော်ဘက် ကတော့ ရခိုင် သောင်းကျန်းသူ တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန် ခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့က ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပေးပို့တဲ့ သတင်း ထုတ်ပြန်ချက် ထဲမှာတော့ ရခိုင် သောင်းကျန်းသူ ၅ ဦးကို လက်နက်တွေနဲ့ ဖမ်းမိထားကြောင်း သတင်း ထုတ်ပြန် ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ထဲမှာ တိုက်ပွဲ ဖြစ်နေတဲ့ ရခိုင် တပ်မတော်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းစဉ် မှာတော့ သူတို့ တပ်သားတွေ ဖမ်းမိတဲ့ သတင်း အပြည့်အစုံ မရရှိသေးဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားရာမှာ ဆက်သွယ် မေးမြန်းလို့ မရခဲ့ပါဘူး။

မြန်မာ အစိုးရနဲ့ လက်ရှိ ကျောက်တော်မြို့မှာ တိုက်ပွဲဖြစ်နေတဲ့ ရခိုင် တပ်မတော်ဟာ မြန်မာပြည် မြောက်ပိုင်းမှာ စတင် အခြေစိုက်ခဲ့တာ ၆ နှစ်ခန့် ရှိပြီ ဖြစ်သလို ရခိုင်ပြည်နယ် အတွင်း အခြေစိုက် လှုပ်ရှားတာဟာ ၈ လခန့် ရှိပြီ ဖြစ်ပါတယ်။

ရခိုင် တပ်မတော်နဲ့ မြန်မာ တပ်မတော် တို့ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်သား ၂ ဦးကို ရခိုင်တပ်မတော်က ဖမ်းဆီးထားပါတယ်။ ရခိုင်တပ်မတော်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

မကြာခင်မှာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ရှိရာ ပန်ဆန်းမှာပြုလုပ်မယ့် တိုင်းရင်းသားညီလာခံကိုလည်း ရခိုင်တပ်မတော်က တက်ရောက်ဖို့ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ်ကောင်စီမှာတော့ ဆက်စပ်အဖွဲ့အစည်းအဖြစ် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေပါတယ်။

Comment ရေးရန်

Rohingya Exodus