နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံ ကင်းစခန်း တာဝန်ခံနှင့် ရဲများ ရွာအတွင်း ၀င်ရောက်၍ ဆက်လက် သောင်းကျန်းလျက်ရှိ



MYARF
RB News
25.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်း တာဝန်ခံ တပ်ကြပ် အပါအ၀င် နယ်ခြားစောင့် ရဲများသည် ၎င်းကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဇေယျာအောင် (ဘ) ဦးအောင်မြင့်နှင့် အတူ လောင်းဒုံ ကျေးရွာအုပ်စု စေတီပြင်ရွာသို့ သွားရောက်၍ ဒေသခံ တစ်ဦးကို ည ၉ နာရီ အချိန်တွင် ဖမ်းဆီးပြီး ညမထွက်ရ အမိန့်ကို အကြောင်းပြ၍ ငွေညှစ်ရန် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်း တာဝန်ခံ တပ်ကြပ် အပါအ၀င် နယ်ခြားစောင့် ရဲများသည် ၎င်းတို့၏ စခန်းတွင် အမြဲနေသည့် လောင်းဒုံ ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ ရခိုင်လူမျိုး တစ်ဦးဖြစ်သည့် ဦးဇေယျာအောင် (ဘ) ဦးအောင်မြင့် ကိုလည်း နယ်ခြားစောင့်ရဲ ယူနီဖောင်း ၀တ်စေပြီး သေနတ်လွယ် စေကာ နယ်ခြားစောင့်ရဲ အယောင်ဆောင် ခိုင်းပြီး ၎င်းတို့နှင့်အတူ စေတီပြင်ရွာသို့ သွားရောက်၍ နွားရုံတွင် မြေဖို့ရန် အတွက် အိမ်ရှေ့တောင်ကုန်းတွင် မြေထုနေသော မာမတ်ယာစီးန် (ဘ) ဦးဂူရာမီယာ (အသက် ၂၇ နှစ်) ကို ဖမ်းဆီးပြီး ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ညမထွက်ရ အချိန်တွင် အပြင်ထွက်ခဲ့သည်ဟု ဆို၍ ငွေကျပ် နှစ်သိန်း တောင်းရာ မာမတ်ယာစီးန်က ငွေမပေးသဖြင့် ထိပ်တုံးခတ်၍ ချုပ်နှောင် ထားခဲ့သည်။ 

ည ၁၀း၃၀ နာရီ အချိန်တွင် ငါးခူရ စခန်း (နယ်မြေ ၅) မှ ရဲမှူး ရောက်ရှိလာခဲ့ရာ မတရားသဖြင့် ဖမ်းဆီးထားသည့် မာမတ်ယာစီးန်ကို မီးဖိုခန်းတွင် ၀ှက်ထားခဲ့သည်။ နယ်ခြားစောင့်ရဲ ယူနီဖောင်း ၀တ်၍ နယ်ခြားစောင့်ရဲ အယောင်ဆောင် ထားသည့် ဦးဇေယျာအောင်သည် ရဲမှူးကို မြင်၍ ထွက်ပြေးသွားရာ ရဲမှူးက စခန်းတာဝန်ခံကို ထွက်ပြေးနေသူမှာ မည်သူနည်းဟု မေးမြန်းရာ ရွာသား တစ်ဦး ဖြစ်သည်ဟု လိမ်လည် ဖြေဆိုခဲ့သည်။ ထို့နောက် ည ၁၁ နာရီ အချိန်တွင် ရဲမှူးက ၎င်းနှင့် အတူပါလာသည့် တပ်ဖွဲ့ဝင် တစ်ဦးကို ယာယီ စခန်း တာဝန်ခံ တာဝန်ပေးကာ လောင်းဒုံ စခန်း တာဝန်ခံ တပ်ကြပ်ကို ငါးခူရ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ယာယီ စခန်းတာဝန်ခံ တာဝန်ပေးခံရသူက မီးဖိုခန်းထဲသို့ ၀င်ကြည့်သည့် အခါ မာမတ်ယာစီးန်ကို မြင်၍ နယ်ခြားစောင့် ရဲများအား မီးဖိုခန်းထဲတွင် ချုပ်နှောင်ထားသူမှာ မည်သူနည်းဟု မေးမြန်းရာ နယ်ခြားစောင့် ရဲများက စခန်းတာဝန်ခံ ဖမ်းဆီး ချုပ်နှောင် ထားသူ ဖြစ်သည်ဟု ဖြေဆိုကြသည်။ ထို့နောက် ယာယီ စခန်းတာဝန်ခံက မာမတ်ယာစီးန်ကို အကျိုးအကြောင်း မေးမြန်း၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဧပြီလ (၁၅) ရက်နေ့တွင်လည်း ရဲမှူးက ၎င်းစခန်း တာဝန်ခံကို (၁၁) ရက်နေ့တွင် ဆေးဆိုင် ပိုင်ရှင် ဦးလာလူးအား ဖမ်းဆီး၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့မှုနှင့် ပတ်သက်၍ စစ်ဆေးခဲ့ရာ စခန်းတာဝန်ခံက ငွေကျပ် ငါးသောင်း ညှစ်ခဲ့ကြောင်း လိမ်လည်ခဲ့သည်။ ရဲမှူး ရောက်မလာမှီ ၎င်းရွာမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူး များကို ခေါ်ယူပြီး ရဲမှူးက မေးမြန်းလျှင် ငွေကျပ် ငါးသောင်း ညှစ်ခဲ့သည်ဟု ဖြေဆိုရန် ပြောဆိုခိုင်းခဲ့သည်။ ဧပြီလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့များတွင် မတရား ဖမ်းဆီးမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

Comment ရေးရန်

Rohingya Exodus