နောက်ဆုံးသတင်း/ဆောင်းပါးများ

လူသတ် တရားခံ အမှန်ကို မဖမ်းဆီးဘဲ အပြစ်မဲ့များကို နယ်ခြားစောင့်ရဲ များက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး



MYARF
RB News
19.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမ ကျေးရွာနှင့် အောက်ပြူးမ ကျေးရွာ ရခိုင်ရွာများရှိ နယ်ခြားစောင့် ရဲကင်း စခန်းများမှ နယ်ခြားစောင့်ရဲ များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဒေသခံ အရပ်သား နှစ်ဦး ကျည်ဆံ ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေလုမျောပါး ဖြစ်နေရကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၅) ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် အထက်ပြူးမ ကျေးရွာ၌ အမည်မသိ လူတစ်စုက နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဆွေတာမောတ် (ဘ) ဦးနူရ်အာလောမ် (အသက် ၃၅ နှစ်) ကို ဓါးဖြင့် ထိုး၍ သတ်ဖြတ်လိုက်သည့် မှုခင်း တစ်ခု ဖြစ်ပွားခဲ့သည်။ ဧပြီလ (၁၆) ရက်နေ့ နံနက် (၁) နာရီခန့် အချိန်တွင် ငါးခူရ နယ်မြေစခန်း (နယ်မြေ ၅) မှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး မှုခင်းဖြစ်ပွားသည့် နေရာ အနီးတ၀ိုက်ရှိ ဦးနာဆဲရ် (ဘ) ဦးအဒူလာမီးန် (အသက် ၄၀ နှစ်) ၏ ပုဇွန် အ၀ယ်ဒိုင်၌ အလုပ်လုပ်နေသည့် ဦးမုစ်တာအာမောတ် (ဘ) ဦးရှော်ဘိရ်အား မသင်္ကာဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ လူသတ်မှုကို အစွဲပြု၍ ဦးဆွေတာမောတ် မိသားစုက ကျေးရွာတွင် ၎င်းတို့နှင့် ပြေလည်မှု မရှိသောသူများကို လူသတ်မှုနှင့် မသက်ဆိုင်သော်လည်း လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲကာ အပြစ်မဲ့သော ဒါဇင်ပေါင်း များစွာသော ရွာသားများကို တရားစွဲဆို ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ တကယ်တမ်းတွင် လူသတ် တရားခံ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိ မဖော်ထုတ် နိုင်သေးသော်လည်း နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံ အရပ်သားများကို လိုက်လံ၍ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ဧပြီလ (၁၇) ရက်နေ့ နေ့လည် ၁ နာရီခန့် အချိန်တွင် အထက်ပြူးမနှင့် အောက်ပြူးမ ကျေးရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲ ၁၀ ဦးခန့် အထက်ပြူးမ ကျေးရွာသို့ ရောက်ရှိလာပြီး ရွာသားများကို ဖမ်းဆီးရန် သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက် နေသဖြင့် ရွာသားများက လူသတ်တရားခံဟု မတရား စွပ်စွဲခံရပြီး ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ပြူးမချောင်းကို ကူးကာ ထွက်ပြေးနေစဉ် နယ်ခြားစောင့် ရဲများက လူအုပ်ထဲသို့ သေနတ်ဖြင့် ပတ်ခတ်ရာ ဒေသခံ ရွာသား အချို့ ကျည်ဆံထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်။

ကျည်ဆံထိမှန်ခံရသူများထဲတွင် ဒေသခံ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သူ နှစ်ဦးမှာ -- ဦးဒီလူး (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၅၂ နှစ်) နှင့် ဦးကာမာလ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၄၈ နှစ်) တို့ဖြစ်သည်။ ဦးကာမာလ်ကို ကျည်ဆံ ထိမှန်ပြီးနောက် ၎င်းနှင့် အတူ လိုက်ပါလာသူတို့က သယ်ဆောင်၍ ခေါ်သွားနိုင်ခဲ့သောကြောင့် နယ်ခြားစောင့် ရဲများ၏ လက်မှ လွတ်မြောက် နိုင်ခဲ့သည်။ သို့သော်လည်း ဦးဒီလူးမှာမူ ပြင်းထန်သော ဒဏ်ရာဖြင့် ထွက်ပြေးနိုင်ခြင်း မရှိခဲ့သည့် အတွက် နယ်ခြားစောင့် ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းကို ဧပြီလ (၁၈) ရက်နေ့တွင် မောင်တော ဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း သိရသည်။

ထို့နောက် နယ်ခြားစောင့် ရဲများသည် အထက်ပြူးမ ကျေးရွာထဲသို့ ပြန်လည် ရောက်ရှိလာပြီး ဦးဂျိန္နား (ဘ) ဦးမုစ်တာဖာ၏ နေအိမ်ထဲသို့ ၀င်ရောက်ပြီး လူသတ်မှုနှင့် ပတ်သက်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး၊ ငါးခူရ စခန်းသို့ ဖုန်းဆက်ကာ ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ ခေါ်၍ ဖမ်းဆီး ထားသူများ အားလုံးကို ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ လက်ထဲသို့ လွှဲအပ်ခဲ့သည်။

အသတ်ခံခဲ့ရသည့် အထက်ပြူးမ ကျေးရွာမှ နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဆွေတာမောတ်သည် ဧပြီလ ပထမပတ်တွင် အောက်ပြူးမ ကျေးရွာအုပ်စု ရခိုင်ရွာသို့ သွားခဲ့ရာတွင် အဆိုပါ ကျေးရွာမှ နှလုံး (ရခိုင်) ဆိုသူနှင့် အပေါင်းအပါ များက ၎င်းကို ရိုက်နှက်ခဲ့သည်။ ၎င်းက ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ အထက်ပြူးမ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ်ကို တိုင်ကြားခဲ့ရာ ဒုရဲအုပ်က အကယ်၍ နှလုံး ဆိုသူ အထက်ပြူးမ ကျေးရွာသို့ လာရန် ပြန်လည် ရိုက်နှက်ရန် ပြောကြားခဲ့သည်။

ဧပြီလ (၁၀) ရက်နေ့တွင် နှလုံး ဆိုသူနှင့် ဦးအေဇာရ်ဟူစိန်း၏သား ဖြစ်သူတို့ အထက်ပြူးမ ကျေးရွာမှ ဆိုင်ကယ်ဖြင့် သွားနေစဉ် ဦးဆွေတာမောတ်က ၎င်းတို့ နှစ်ဦးကို ရိုက်နှက်ခဲ့သည်။ ထိုနေရာတွင် ၎င်းတို့ (၃) ဦး အပြန်အလှန် စကားများခဲ့ပြီး နှလုံး ဆိုသူက ဦးဆွေတာမောတ်ကို တစ်ပတ်အတွင်း အပြတ်ရှင်းမည်ဟု ခြိမ်းခြောက် ပြောဆို၍ ထွက်သွားခဲ့သည်။

ထို့နောက် (၅) ရက်မြောက်နေ့ ဧပြီလ (၁၅) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဦးဆွေတာမောတ်နှင့် ၎င်းကျေးရွာသား ဦးရော်ဖိတ် (ဘ) ဦးကာလူ တို့သည် အထက်ပြူးမ ကျေးရွာရှိ နယ်ခြားစောင့် ရဲကင်းစခန်းမှ အိမ်သို့ ပြန်နေစဉ် အထက်ပြူးမ ရခိုင်ရွာအလွန်လမ်းတွင် နှလုံး နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အထက်ပြူးမ ကျေးရွာမှ ဦးအေဇာရ်ဟူစိန်း၏ သား အပါအ၀င် ရခိုင်ရွာသား အချို့က ဦးဆွေတာမောတ်ကို ဓါးဖြင့် ၁၈ ချက်တိတိ ထိုးကာ သတ်ဖြတ်ခဲ့သည်။

ထို့နောက် နံနက် ၁ နာရီခန့် အချိန်တွင် ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများ အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီး အနီးအနားရှိ ဦးနာဆဲရ်၏ ပုဇွန် အ၀ယ်ဒိုင်မှ အလုပ်သမား ဦးမုစ်တာအာမောတ် (ဘ) ဦးရှော်ဘိရ်ကို မသင်္ကာဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဦးဆွေတာမောတ်နှင့် အတူ ရှိနေခဲ့သည့် ဦးရော်ဖိတ်က ဦးဆွေတာမောတ်၏ ဇနီးထံ သွား၍ ၎င်းအား လူသတ်မှုနှင့် ပတ်သက်ပြီး မစွပ်စွဲရန် ဥက္ကဌဟောင်း ဦးလှမြင့်၏ ဆွေမျိုးသားချင်း များကိုသာ စွပ်စွဲရန် ပြောဆိုပြီး ငွေကျပ် ၁၀ သိန်း ပေးခဲ့ကြောင်း သိရသည်။ ဦးရော်ဖိတ်က ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ ၎င်းအား နှလုံးက ငွေပေး၍ ခိုင်းစေသောကြောင့် ဖြစ်ပြီး၊ အကယ်၍ ခိုင်းသည့် အတိုင်း မလုပ်ပါက သတ်ပစ်မည်ဟု နှလုံးက ခြိမ်းခြောက် ခဲ့သောကြောင့် ဖြစ်ကြောင်း သိရသည်။

အထက်ပြူးမ ကင်းစခန်းနှင့် ငါးခူရ စခန်းတို့မှ နယ်ခြားစောင့် ရဲများက ဦးဆွေတာမောတ် အသတ်ခံရစဉ် ဦးရော်ဖိတ် အတူ ရှိနေသည်ကို သိရှိသော်လည်း ဦးရော်ဖိတ်အား စစ်ဆေး မေးမြန်းခြင်း မပြုလုပ်ဘဲ ဥက္ကဌဟောင်း ဦးလှမြင့်၏ ဆွေမျိုးသားချင်း များကို ဖမ်းဆီးရန် ရွာကို ပိတ်ဆို့ကာ အပြစ်မဲ့များ၏ နေအိမ်များကို ၀င်ရောက် ရှာဖွေ၍ မတရားသဖြင့် ဖမ်းဆီးရန် ကြိုးစားနေသဖြင့် ရွာသားများ ထွက်ပြေး တိမ်းရှောင် နေရသည်။

ယခုကဲ့သို့ ဖြစ်ပွားရခြင်းမှာ အထက်ပြူးမ ကင်းစခန်းမှ ဒုရဲအုပ်က ဥပဒေဖြင့် ဖြေရှင်း ပေးရမည်ကို ဥပဒေဖြင့် ဖြေရှင်း မပေးဘဲ လူမိုက်ဆန်ဆန် ဖြေရှင်းရန် ပြောဆိုမှုကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ အခင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် အပြစ်မဲ့ များကို လိုက်လံ ဖမ်းဆီးခြင်းကြောင်း ရွာတွင် အမျိုးသား တစ်ဦးပင် ရှိမနေတော့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus