နောက်ဆုံးသတင်း/ဆောင်းပါးများ

လေးမြို့ စခန်း (၂၁) မှ စခန်းမှူး၏ တပည့်နှစ်ဦးက ဒေသခံများထံမှ ထပ်မံ၍ ငွေညှစ်



RB News
8.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ လေးမြို့ အမှတ် (၂၁) စခန်းမှ စခန်းမှူး၏ တပည့်များ ဖြစ်သူ တပ်ကြပ်ကြီး စံရွှေလှနှင့် ဦးလေဒူ (ဘ) ဦးလာလူမျာ တို့သည် စခန်းမှူး၏ သြဇာ အရှိန်အ၀ါကို အသုံးချ၍ ဒေသခံ ပြည်သူများထံမှ ဆက်လက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တပ်ကြပ်ကြီး စံရွှေလှနှင့် ဦးလေဒူတို့က မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည့် အတွက် ကျေးရွာအတွင်း အေးချမ်းသာယာရေးပါ ပျက်ပြား လာစေနိုင်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့သည် ယခင်ကလည်း ဒေသခံများကို ဒုက္ခပေးခဲ့သလို ယခုလည်း ဆက်လက် ဒုက္ခပေးလျက် ရှိနေသည်ဟု ဆိုသည်။

ဦးလေဒူက စခန်းမှူး၏ သြဇာ အာဏာကိုသုံး၍ ဒေသခံ ပြည်သူများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်လျက် ရှိပြီး၊ ၎င်း၏ လုပ်ရပ်များကို သက်ဆိုင်ရာ အာဏာပိုင်များက အမြန်ဆုံး ရပ်တန့် မပေးပါက ဒေသခံများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ရပ်တန့်အောင် ဆောင်ရွက် ရလိမ့်မည်ဟု ဒေသခံများက RB News သို့ပြောသည်။ ၎င်းသည် မည်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းမှ မပါဘဲ ရွာသားများ၏ နေအိမ်များထဲသို့ ညအချိန်မတော် ၀င်ရောက်ခြင်း၊ ဖမ်းဆီး ၀ရမ်း တစ်စုံတစ်ရာ မပါရှိဘဲ မိမိ စိတ်တိုင်းကျ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးရှော်ဖိခ် (ဘ) ဦးအဒူရော်ဟိမ်း -- ရပ်ကွက် (၁၂) မှ -- ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၂) ဦးအာဘူတာရ် (ဘ) ဦးအာဘူရှာမား -- ရပ်ကွက် (၃) မှ -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း
(၃) ဦးအာဘူကာလာမ် (ဘ) ဦးအေဟာယာ -- ရပ်ကွက် (၃) မှ -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း
(၄) ဦးကာလာယာ (ဘ) ဦးမော်ဇူလူဆောင်း -- ရပ်ကွက် (၁) မှ -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၅) ဒေါ်နော်ဆီမာ (ဘ) ဦးနူရ်အာမတ် -- ရပ်ကွက် (၁) မှ -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus