နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြား၊ သရက်အုပ် ဒုက္ခသည် စခန်းမှ အိမ်များ ဆောက်လုပ်ရန် ခွင့်ပြုငွေများ ဒုက္ခသည်များထံ မရောက်




RB News
12.4.2015

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သရက်အုပ် ဒုက္ခသည် စခန်းမှ တန်းလျားများ ဖြိုဖျက်ပြီးနောက် ဒုက္ခသည်များ နေအိမ် ဆောက်လုပ်ရန် ပြည်နယ် အစိုးရက ငွေများ ထုတ်ပေးသော်လည်း မြို့နယ် အုပ်ချုပ်ရေးနှင့် ရာအိမ်မှူး တို့က ခေါင်းပုံဖြတ်နေမှုကြောင့် ဒုက္ခသည်များထံ ငွေမရောက်ကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ် သရက်အုပ် ဒုက္ခသည်စခန်းမှ တန်းလျားများ ဖြိုဖျက်ပြီးနောက် နေအိမ်များ ဆောက်လုပ်ရန် ပြည်နယ် အစိုးရက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀ သိန်းစီ ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။ ယခုအခါ မြို့နယ် အုပ်ချုပ်ရေးက တစ်အိမ်ထောင်လျှင် ငွေကျပ် ၈ သိန်းစီ ထုတ်ပေးပြီး ငွေကျပ် ၁၀ သိန်းစီ လက်ခံ ရရှိကြောင်း ဒုက္ခသည် စခန်းမှ ရပ်မိရပ်ဖများကို လက်မှတ် ရေးထိုးခိုင်းကြောင်း ဒေသခံများက RB News သို့ပြောသည်။

တစ်ဖန် ကျေးရွာ ရာအိမ်မှူး ဦးကျော်သိန်း (ခ) ဦးဒိလ်မိုဟာမတ်က ဒုက္ခသည်များ အတွက် ထုတ်ပေးသည့် ငွေများကို လက်ခံရယူပြီး အိမ်ထောင်စု များကို ထုတ်မပေးဘဲ ၎င်းကိုယ်တိုင် နေအိမ်များ ဆောက်လုပ်လျက် ရှိသည်။ ၎င်းတာဝန်ယူ ဆောက်လုပ်ပေး နေသည့် အစီအစဉ်ကို ဒုက္ခသည်များက လက်မခံကြဘဲ ၎င်းတို့အတွက် အစိုးရမှ ပေးထားသည့် ငွေများကို တောင်းခံကြရာ ဦးကျော်သိန်းက ၎င်း၏ အစီအစဉ်ကို လက်မခံလျှင်လည်း ငွေထုတ်ပေးမည် မဟုတ်ဘဲ၊ နေအိမ်များသာ ဆောက်လုပ်ပေးမည်ဟု ပြောကြားကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် နေအိမ်များကို သစ်အညံ့စားများဖြင့် ဆောက်လုပ်ပေး၍ ရရှိသည့် ငွေများထဲမှ ခေါင်းပုံဖြတ်လျက် ရှိသည်ဟု ဆိုသည်။

ဒုက္ခသည် အိမ်ထောင်စု များကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်းစီ အစိုးရမှ ခွင့်ပြု၍ ပေးအပ်သော်လည်း မြို့နယ် အုပ်ချုပ်ရေးနှင့် ရာအိမ်မှူး ဦးကျော်သိန်း တို့၏ ခေါင်းပုံဖြတ်မှုကြောင့် ဒုက္ခသည်များ လက်ထဲသို့ ငွေတစ်ပြားတစ်ချပ်မျှ ရောက်ရှိခြင်း မရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus