နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများ ငွေညှစ်၊ ရွာလုံခြုံရေးကို ရိုက်နှက်၊ နေအိမ်များ စစ်ဆေး



MYARF
RB News
17.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ဦးအေဂျာတ်ဟူစိန်း (ဘ) ဦးဒေါလ္လာသည် ဧပြီလ (၁၀) ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် စိုက်ခင်းမှ အိမ်သို့ ပြန်လာနေစဉ် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းမှ ဒုရဲအုပ်က စိုက်ခင်းသို့ သွားရောက်၍ ဘင်္ဂလားဖုန်းနှင့် စကားပြော၍ ပြန်လာသည်ဟု လုပ်ကြံ စွပ်စွဲပြီး ရိုက်နှက်ကာ စခန်းသို့ ခေါ်ဆောင် သွားပြီး ငွေကျပ် သုံးသိန်း ရှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဒုရဲအုပ်က ဦးအေဂျာတ်ဟူစိန်းကို စစ်ဆေးရာတွင် မည်သည့်ဖုန်းမှ မတွေ့ရှိခဲ့သော်လည်း လက်နက်ဖြင့် သြဇာအာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အဆုံးရှိ သ၀န်ချောင်း ကျေးရွာတွင် အာဏာပိုင်များ ထံမှ ခွင့်ပြုချက် ရယူပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများကို ကျေးရွာ၌ လုံခြုံရေး တာဝန်ယူ စေသည်။ ၎င်းလုံခြုံရေး များကြောင်း နယ်ခြားစောင့် ရဲများ ညအချိန်မတော် ရွာထဲသို့ ၀င်၍ သောင်းကျန်းခြင်း၊ အဓမ္မလုယက်ခြင်း စသည်များ မပြုလုပ်နိုင်သောကြောင့် နယ်ခြားစောင့်ရဲများက အဆိုပါ လုံခြုံရေးများ အပေါ် အမျက် ဒေါသထွက်လျက် ရှိသည်။ ဧပြီလ (၉) ရက်နေ့ ညတွင် လုံခြုံရေး ခေါင်းဆောင် ဦးနူရ်အာမီးန်ကို နယ်ခြားစောင့် ရဲများက မုန့်ဝယ်ခိုင်းရာ ဦးနူရ်အာမီးန်က မုန့်ဝယ်ရန် သွားနေစဉ်တွင် လမ်းတစ်ဝက်တွင် တုတ်၊ သေနတ် ကိုင်ဆောင်၍ ပုန်းဝှက်နေသော နယ်ခြားစောင့်ရဲ (၃) ဦးက ဦးနူရ်အာမီးန်ကို တုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ဦးနူရ်အာမီးန်၏ အော်သံကြောင့် ရွာသားများ ရောက်ရှိလာပြီး နယ်ခြားစောင့်ရဲ (၃) ဦး ထွက်ပြေးသွားခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် ဦးနူရ်အာမီးန်၏ ဦးခေါင်း ကွဲပြတ်သွားခဲ့ရသည့် အပြင် အိပ်ရာမှပင် ထ၍ မရတော့သည့် အခြေအနေသို့ ရောက်နေရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ နယ်ခြားစောင့်ရဲ များ၏ လူမဆန်စွာ ရိုက်နှက်မှုကို အထက်အရာရှိ များထံ တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း သိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေစခန်း (ကျောက်လှေကား စခန်း) မှ ဒုရဲအုပ် (စစ်ဦးစီး) အပါအ၀င် နယ်ခြားစောင့်ရဲ နှစ်ဦး၊ အမှတ် (၅) နယ်မြေ ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ နယ်ခြားစောင့်ရဲ နှစ်ဦး၊ (၃) မိုင် စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးနှင့် ကျောက်ပြင်ဆိပ် ကျေးရွာရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးတို့သည် ဧပြီလ (၁၆) ရက်နေ့ နံနက် (၁) နာရီ အချိန်တွင် ကျောက်ပြင်ဆိပ် ကျေးရွာသို့ သွားရောက်၍ နယ်ခြားစောင့် ရဲများ၏ သတင်းပေး ဦးဆော်လီမူလ္လာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာ တို့ကို ခေါ်ယူပြီး ၎င်းကျေးရွာ အုပ်စု အနောက်ရွာရှိ အိမ် (၅) အိမ်ကို ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့သည်။ အိမ်များထဲသို့ ၀င်ရောက်၍ အသေးစိတ် ရှာဖွေ စစ်ဆေးခဲ့သည်။ ၎င်းတို့က “ဘင်္ဂလားဖုန်း ဘယ်မှာ ထားလဲ၊ ယာယီကဒ်ပြား မိတ္တူ ဘယ်မှာလဲ” ဟု မေးမြန်းရာ အိမ်ရှင်များက ဘင်္ဂလားဖုန်း မရှိကြောင်း၊ ယာယီကဒ်ပြားများလည်း မိတ္တူကူး မထားခဲ့ကြောင်း ပြန်လည် ဖြေဆိုသည်။ ထို့နောက် ဧည့်စာရင်း စစ်ဆေးပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။ နေအိမ်များကို အသေးစိတ် ရှာဖွေခဲ့သော်လည်း တရား ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် အကြောင်းမဲ့ ဖမ်းဆီးခြင်း မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus