နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ အပြစ်မဲ့ ဒေသခံများ ငွေညှစ်ခံရ၊ ကျွဲ သယ်ယူသူ နှစ်ဦး ဖမ်းဆီးခံရ



MYARF
RB News
3.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ အပြစ်မဲ့ ဒေသခံ နှစ်ဦးကို ဘင်္ဂလား ဖုန်းကိုင်ဆောင်သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ရဲများက ငွေညှစ်ခဲ့ပြီး၊ မောင်တော မြို့နယ်သို့ ကျွဲများ သယ်ယူသွားသူ နှစ်ဦးကို စစ်သားများ ဖမ်းဆီး၍ (၃) မိုင်ရှိ စခန်းတွင် ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

ဦးအေနာယာဒ်အုလ္လာ (ဘ) ဦးအလီအာခ်ဘောရ်သည် မောင်တော မြို့နယ် နယ်စပ် ကုန်သွယ်ရေးမှ တရားဝင် ထုတ်ပေးထားသည့် (၇) ရက် နိုင်ငံကူး လက်မှတ်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ မတ်လ (၂၉) ရက်နေ့တွင် ၎င်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်ရောက်လာပြီး နေအိမ်သို့ ပြန်နေစဉ် ဘူးသီးတောင် မြို့နယ် သင်္ဘောဆိပ်ရှိ ရဲကင်းစခန်းမှ ရဲများက ကကျက်ဘက် ကျေးရွာလမ်းတွင် ၎င်းကို တွေ့ရှိပြီးနောက် စစ်ဆေးခဲ့ရာ ၎င်း၏ MPT ဖုန်းတွင် ဘင်္ဂလားဒေ့ရှ်မှ ဖုန်းနံပါတ် တွေ့ရှိခဲ့သဖြင့် ဘင်္ဂလား ဆင်းမ်ကဒ် ရှိသည်ဟု ဆိုကာ ဖမ်းဆီး၍ ရဲကင်းစခန်းသို့ ခေါ်သွားခဲ့သည်။ ဦးအေနာယာဒ်အုလ္လာက မိမိသည် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်၍ ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂလားဖုန်း နံပါတ်များသို့ ဖုန်းခေါ်ဆိုခဲ့ရသောကြောင့်ဟု ရှင်းပြသော်လည်း ရဲများက ၎င်းရှင်းပြသည်ကို နားမထောင်ဘဲ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ရာ နောက်ဆုံးတွင် ထောင်ကျမည်ကို စိုးရိမ်၍ ရဲများ ညှစ်သည့် ငွေကျပ် နှစ်သိန်း ငါးသောင်း ပေးခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ မတ်လ (၂၉) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် သင်္ဘောဆိပ် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ရွာအတွင်း လည်ပတ်နေစဉ် ဘဂုံးနား ကျေးရွာမှ ဦးအာဘူနာဆဲရ်၏ သားသည် ကကျက်ဘက် ကျေးရွာလမ်းမှ လမ်းလျှောက်သွားနေသည်ကို တွေ့၍ စစ်ဆေးမည်ဟု ဆိုကာ ၎င်း၏ MPT ဖုန်းကို ယူပြီး ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းကာ ဘင်္ဂလားဖုန်းဖြင့် မိသည်ဟု လုပ်ကြံ၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဘုရားပြင် အောင်ပ ကျေးရွာမှ ဦးအဒူမာလဲခ် (ဘ) ဦးအဒူရောန်နှင့် ဦးအဒူရော်ကိမ်း (ဘ) ဦးအဒူကော်ရိမ် တို့သည် မတ်လ (၃၁) ရက်နေ့တွင် ကျွဲ ၃၅ ကောင်နှင့် ဖရုံချောင်း တောင်ကြားလမ်းမှ တဆင့် တောင်ကျော်ပြီး မောင်တောမြို့နယ်သို့ သွားနေစဉ် နေ့လည် ၃ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတတ် ကျေးရွာအုပ်စု ကိုင်းကြီးရွာ (န.တ.လ ရွာ) ရှိ စစ်သားများက ဖမ်းဆီးပြီး အဆိုပါ စစ်သားများက ကျွဲ ၃ ကောင်ကို ရောင်းချလိုက်ပြီးနောက် ကျွဲ ၃၂ ကောင်နှင့် လူနှစ်ဦးကို ဝေသာလီရွာရှိ စစ်တပ် စခန်းသို့ လွှဲအပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဖမ်းဆီးခံရသူ နှစ်ဦးကို မောင်တော မြို့နယ် (၃) မိုင်ရှိ စစ်တပ် စခန်းတွင် ချုပ်နှောင်ထားပြီး၊ ကျွဲ ၃၂ ကောင်ကိုလည်း အဆိုပါ စခန်းတွင် ထိန်းသိမ်း ထားသည်ဟု ဆိုသည်။ ကျွဲများ၏ တန်ဖိုးမှာ တစ်ကောင်လျှင် ၆ သိန်းခန့် ရှိပြီး ကျွဲ ၃၅ ကောင် တန်ဖိုးမှာ ကျပ် ၂၁၀ ခန့်ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus