နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် ကညင်တန်းမှ ငါးဖမ်းသမားများ ထံမှ နယ်ခြားစောင့် ရဲများက ငွေညှစ်



Rohingya Eye
RB News
22.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ပုဇွန်ကန်တွင် ငါးဖမ်းသည့် ငါးဖမ်းသမား များသည် အုပ်ချုပ်ရေးမှူး ထံမှ ထောက်ခံစာ ယူပြီး ငါးဖမ်းလျက် ရှိသော်လည်း နယ်ခြားစောင့် ရဲများ၏ ဖမ်းဆီးခြင်းကို ခံရပြီး ငွေညှစ်ခံခဲ့ ရကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာပိုင် ပုဇွန်ကန်ပေါင်း (၁၅) ကန်ကျော်ခန့် ရှိပြီး၊ အဆိုပါ ပုဇွန်ကန်များတွင် ညပိုင်း၌ ငါးဖမ်းရန် အတွက် ငါးဖမ်းသမား များက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာထံမှ တစ်ပတ် အတွက် ငွေကျပ် ငါးထောင်စီ ပေး၍ ထောက်ခံစာ ယူနေရသည်။ ဧပြီလ (၁၈) ရက်နေ့ ည ၉ နာရီ အချိန်တွင် ဦးအုစ်မာန် (ဘ) ဦးဟူစိန်း (အသက် ၅၂ နှစ်) နှင့် အတူ ငါးဖမ်းသမား (၈) ဦးတို့သည် ပုဇွန်ကန်မှ ငါးဖမ်း၍ ရွာသို့ ပြန်နေစဉ် နခေါင်းဒီးယား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ဖမ်းဆီး သွားသဖြင့် ၎င်းတို့က မိမိတို့သည် ထောက်ခံစာ ယူပြီး ငါးဖမ်းနေခြင်း ဖြစ်ကြောင်း ပြောဆို ရှင်းပြခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ညမထွက်ရ အမိန့်ကို ကျူးလွန်ခြင်း အတွက် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု ပြောဆိုသဖြင့် မတရားသဖြင့် ရိုက်နှက် နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ည ၁၂ နာရီ အချိန်တွင် ငွေကျပ် ၃ သိန်း ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ငါးဖမ်းသမား တစ်ဦးက “ကျွန်တော်တို့က အုပ်ချုပ်ရေးမှူး ဆီက ထောက်ခံစာ ရယူပြီး တရားဝင် လုပ်ကိုင်နေတာပါ။ ညမထွက်ရ အမိန့်ကို ကျူးလွန်တာလည်း မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးကို ငွေပေးပြီး ထောက်ခံစာ ယူနေတယ်။ နယ်ခြားစောင့် ရဲတွေက ငွေကြေး တစ်စုံတစ်ရာ မရတော့ မကျေနပ် ဖြစ်ပြီးတော့ ဖမ်းပြီး ငွေညှစ်လိုက်တာပါ။ ကျွန်တော်တို့က ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း နေတာ၊ ဒီလို အဘက်ဘက်က အနှောက်အယှက် ပေးနေပြီး ငွေညစ်နေတာ ခံနေရရင်တော့ လုပ်ငန်းလည်း ပျက်သွားဖို့ပဲ ရှိတော့တယ်” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus