နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗျူဟာမှူးရွာရှိ စစ်စခန်း တာဝန်ခံက ဒေသခံများကို လုပ်ကြံ စွပ်စွဲ ဖမ်းဆီး ငွေညှစ်



Rohingya Eye
RB News
10.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ တာဝန်ခံ ဆိုသူက သေနတ်လွယ်၍ အရပ်ဝတ်ဖြင့် အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စစ်စခန်းမှ တာဝန်ခံ ဆိုသူသည် အရပ်ဝတ်စုံဖြင့် သေနတ်လွယ်၍ ၎င်း၏ တပည့်ဖြစ်သူ ဦးမောန်ဇူရ် (ဘ) ဦးရာဟာမောတ်အာလီ (အသက် ၃၀ နှစ်) နှင့် ပူးပေါင်း၍ ကံပူး ကျေးရွာနှင့် လေယာဉ်ကွင်း ကျေးရွာ (မဒီနာဖာရီ) တို့တွင် ည ၈ နာရီ အချိန်မှ စတင်ကာ ညသန်းခေါင်ယံ အချိန်ထိ ရွာထဲသို့ လည်ပတ်၍ ဒေသခံ ရွာသားများ၏ နေအိမ် ခြံဝင်း အတွင်းသို့ ၀င်ရောက်ပြီး အိမ်ထဲတွင် စကားပြောသံကြားလျှင် ဘင်္ဂလားဖုန်း သုံးစွဲ၍ ဖုန်းစကား ပြောနေသည်ဟု စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ အလားတူ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ရှောင်တိမ်း သွားလျှင်လည်း လိုက်လံ ဖမ်းဆီးပြီး ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မေလ (၅) ရက်နေ့ ည ၈ နာရီ အချိန်တွင် မာမတ်ယူဆုဖ် (ဘ) ဦးရာဟာမတ်အလီ (အသက် ၁၇ နှစ်) သည် မိမိ၏ နေအိမ်မှာ အခြားအိမ် တစ်အိမ်သို့ သွားရောက်နေစဉ် လမ်းတစ်ဝက်တွင် အဆိုပါ စစ်စခန်း တာဝန်ခံကို တွေ့၍ ရှောင်သွားရာ လိုက်လံဖမ်းဆီးပြီး ဘင်္ဂလား ဆင်းမ်ကဒ် အသုံးပြုနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ရပ်မိရပ်ဖ တစ်ဦးက “ညအချိန်မတော် ရွာထဲမှာ လက်နက်နဲ့ အရပ်သား ၀တ်စုံဝတ်ပြီး ပုန်းအောင်း နေတယ်ဆိုတော့ ရွာသားတွေက ဓါးပြလို့ ထင်ပြီး တုံ့ပြန်လို့ ရှိရင် ဘယ်လိုလုပ်မလဲ၊ နည်းဗျူဟာ ပြောင်းပြီး ငွေရှာပေမယ့် လုပ်တဲ့ ပုံစံက အတော်လေး အန္တရာယ် ရှိတယ်။ အဲဒီ စခန်း တာဝန်ခံ ဆိုသူက ကျွန်တော်တို့ ရပ်ရွာ တည်ငြိမ် အေးချမ်းအောင် လုပ်နေတာ မဟုတ်ဘဲ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်နေတဲ့ အတွက် အထက် အရာရှိကြီးတွေ အနေနဲ့ ထိရောက်စွာ အရေးယူ ပေးဖို့ လိုပါတယ်” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus