နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် နယ်ခြားစောင့် ဒုရဲအုပ်က ဆိုင်ကယ်တောင်းရာ မပေးသဖြင့် ရိုက်နှက်၍ ငွေညှစ်ခံရ



Rohingya Eye
RB News
2.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ နခေါင်းဒီးယားရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်သည် ရွာသား တစ်ဦး၏ ဆိုင်ကယ် တောင်းရာ မရသဖြင့် ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ နခေါင်းဒီးယားရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်သည် နခေါင်းဒီးယား ရွာသား ဦးကာမာလ် (အသက် ၅၀ နှစ်) ၏ ဆိုင်ကယ်အား စီးနင်းရန် တောင်းခံရာ ဦးကာမာလ်က ၎င်း၏ ဆွေမျိုးတစ်ဦးက စီးနင်း၍ အလယ်သံကျော် ကျေးရွာသို့ သွားကြောင်း ပြန်လည် ပြောဆိုခဲ့ရာ အဆိုပါ ဒုရဲအုပ်က မကျေနပ်၍ ည (၉) နာရီ အချိန်တွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကာ အုပ်ချုပ်ရေးမှူး ရုံးတွင် ထိပ်တုံးခတ် ထားပြီး တစ်ညလုံး ရိုက်နှက် နှိပ်စက်သဖြင့် နောက်ဆုံးတွင် မတတ်သာ၍ မိသားစုဝင် တစ်ဦးက ဧပြီလ (၂၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ငွေကျပ် ၃ သိန်း ပေးပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးကာမာလ် ဆိုသူသည် မည်သည့် ပြစ်မှု တစ်စုံတစ်ရာကိုမှ ကျူးလွန်ခြင်း မဟုတ်ဘဲ မတရားသဖြင့် နှိပ်စက်ခံရသည့် အပြင် ငွေညှစ်ခံရခြင်း ဖြစ်သည်။ နယ်ခြားစောင့် ရဲများသည် နေ့စဉ် နေ့တိုင်း လက်နက်နှင့် အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ကျေးရွာသူ ကျေးရွာသားများကို မတရား နှိပ်စက် ငွေညှစ်လျက် ရှိနေပြီး နောင်တွင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားမည်ကို စိုးရိမ်ရသဖြင့် အထက် အာဏာပိုင်များက အချိန်မှီ အရေးယူ ဆောင်ရွက် ပေးရန် လိုလားကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus