နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ဆောက်ရန် ရိုဟင်ဂျာ လယ်မြေ ၃.၆ ဧက သိမ်းပြီး လျော်ကြေးမပေး



Rohingya Eye
RB News
4.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ နေရာ ပြောင်းရွှေ့ ဆောက်လုပ်ရန် ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ လယ်ယာမြေ ၃.၆ ဧကကို သိမ်းဆည်းပြီး လျော်ကြေး ပေးခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူး ကျေးရွာ၏ မြောက်ဘက်တွင် ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းကို ရွာ၏ အလယ်သို့ ပြောင်းရွှေ့ ဆောက်လုပ်ရန် အတွက် အဆိုပါရွာမှ ဦးဆော်ယာဒ်အလီ (ဘ) ဦးဒူဒူမျာ (အသက် ၄၅ နှစ်) ၏ လယ်ယာမြေ ၃.၆ ဧကကို သိမ်းဆည်း လိုက်ပြီး လျော်ကြေးငွေ တစ်စုံတစ်ရာ ပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဧပြီလ (၂၅) ရက်နေ့က လယ်ပိုင်ရှင် ဖြစ်သူက အဆိုပါ ကင်းစခန်း၏ တာဝန်ခံ ဖြစ်သူထံ လယ်မြေများ အတွက် လျော်ကြေးငွေ တောင်းခံခဲ့ရာ ကင်းစခန်း တာဝန်ခံက အထက်မှ ဆောက်လုပ်ခိုင်းခြင်း ဖြစ်သည့် အတွက် လျော်ကြေးငွေ ပေးရန် မလိုအပ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့သည်။

ထို့အပြင် ကင်းစခန်း ဆောက်လုပ်ရန် အတွက် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ တစ်နေကုန် အတင်း အဓမ္မ ခိုင်းစေလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ကင်းစခန်းကို ဖြတ်ကျော် သွားလာသူများကို အမြဲတစေ ဒုက္ခပေးနေသည့် အတွက် ၎င်းလမ်းကို ဖြတ်ကျော်၍ သွားလာသူ နည်းပါးလျက် ရှိသည်။

ဒေသခံ တစ်ဦးက “အတင်း အဓမ္မ ခိုင်းစေမှုနဲ့ လယ်ယာမြေ သိမ်းဆည်းခြင်းတွေ မရှိပါဘူးလို့ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က ပြောနေပေမယ့်လည်း အခု နယ်ခြားစောင့် ရဲတပ်ဖွဲ့က လယ်ယာမြေတွေ သိမ်းပြီး နစ်နာကြေးလည်း မပေးဘူး၊ လယ်မြေနဲ့ လုပ်စားနေတဲ့သူ ဆိုတော့ လုပ်ငန်းပျက်ပြီး လုပ်စရာ လုပ်ငန်း ရှာမတွေ့ရင် မိခင်နိုင်ငံကနေ ထွက်သွားဖို့ တွန်းပို့သလို ဖြစ်နေတာပေါ့” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus