နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်များက ရိုဟင်ဂျာများ၏ ဥယျာဉ်ခြံများ ဖျက်ဆီးသည်ကို တားဆီးခဲ့သူဟု ဆိုကာ ဒေသခံ တစ်ဦးကို ဖမ်းဆီးထား



MYARF
RB News
22.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းတွင် Care Myanmar မှ ပံ့ပိုးမှုဖြင့် စိုက်ပျိုးထားသော ဒေသခံ ရိုဟင်ဂျာများပိုင် ဥယျာဉ်များကို ရခိုင်များနှင့် န.တ.လ များက ခုတ်ထွင်း ဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ မေလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အချို့ ဥယျာဉ်ခြံ စောင့်နေစဉ် ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရခိုင်ရွာမှ ရခိုင်များ လာရောက်၍ သစ်ခုတ်နေသည်ကို ဟန့်တားသဖြင့် အပြန်အလှန် စကားများ၍ ရန်ဖြစ်ခဲ့ရသည်။ ထို့နောက် မေလ (၁၈) ရက်နေ့တွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရွာကြီးမှ ဦးယူနုစ် (ဘ) ဦးကော်ဒူ (အသက် ၄၅ နှစ်) နှင့် ၎င်း၏ သားများ ဖြစ်သော ဇူဘိုင်ရ် (အသက် ၂၆ နှစ်) နှင့် ၇ နှစ် အရွယ် သားတစ်ဦးတို့သည် ချောင်းမှ ငါးဖမ်းနေစဉ် ရခိုင်အုပ်စု တစ်စု ရောက်ရှိလာပြီး အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားရာ မနီးမဝေးရှိ လယ်ကွင်းတွင် ဘောလုံးကစား နေသည့် ရိုဟင်ဂျာ ကလေးများက မြင်တွေ့သွားကာ အော်ဟစ်ခဲ့သည်။

ကလေးများ၏ အော်သံကြောင့် ရွာထဲမှ ရိုဟင်ဂျာ ရွာသား အချို့ ထွက်ကြည့်သည့် အချိန်တွင် ရခိုင်များနှင့် နယ်ခြားစောင့် ရဲများ ရောက်ရှိလာသောကြာင့် အနားမကပ် နိုင်ခဲ့ပေ။ ထို့နောက် နယ်ခြားစောင့် ရဲများက ဦးယူနုစ်၏ ၇ နှစ် အရွယ် သားငယ်ကို ပြန်လည် လွှတ်ပေးလိုက်ပြီး ဦးယူနုစ်နှင့် သားဖြစ်သူ ဇူဘိုင်ရ်တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့အပြင် နယ်ခြားစောင့် ရဲများနှင့် ရခိုင်များသည် ဥယျာဉ်ခြံထဲသို့ သွား၍ ဥယျာဉ်ထဲတွင် ထင်းခုတ်နေသည့် ဦးရာဘီအုလ္လာ (ဘ) ဦးအစ္စမိုင်လ် (အသက် ၄၅ နှစ်) နှင့် ကျော့ကွင်းတင်၍ တောကြက် ဖမ်းနေသည့် ဦးကော်ဘိရ်အာမတ် (ဘ) ဦးအဒူဆော်လာမ် (အသက် ၃၅ နှစ်)၊ ဦးအာမန်အုလ္လာ (ဘ) ဦးအဒူရော်ရှိတ် (အသက် ၄၀ နှစ်) နှင့် ၎င်း၏သား ကော်ဘိရ်အာမတ် (အသက် ၁၂ နှစ်) တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ (၄) ဦးမှ ဂေါ်ဒူသာရ တောင်ရွာမှ ဖြစ်ကြကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများက အဆိုပါ ဖမ်းဆီးရသူ ၆ ဦးကို မေလ (၁၇) ရက်နေ့တွင် ရခိုင်များနှင့် ရန်ဖြစ်ခဲ့ရာတွင် ပါဝင်သည်ဟု စွပ်စွဲ၍ အလယ်သံကျော်ရှိ နယ်မြေ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ မေလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် အလယ်သံကျော်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဂေါ်ဒူသာရသို့ လာရောက်ပြီး ရွာသားများကို ကျောင်းသို့ ဆင့်ခေါ်ပြီး ခြိမ်းခြောက် ခဲ့သည်။ တပ်ရင်းမှူးက “ဒီတိုင်းပြည်မှာ နေရင် ဒီတိုင်းပြည်ရဲ့ ဥပဒေကို လေးစား လိုက်နာရမယ်။ တိုင်းရင်းသားတွေကိုလည်း လေးစားရမယ်။ ငါတို့ တိုင်းပြည် အေးချမ်းအောင် လုပ်ရင် မင်းတို့က ဆူပူအောင် လုပ်နေတယ်။ ရခိုင်တွေ ဥယျာဉ်ကို ရောက်လာရင် မင်းတို့ မသွားရဘူး။ ရခိုင်တွေ မင်းတို့ ဥယျာဉ်က သစ်ခုတ်ရင် ငါတို့ကို အကြောင်းကြား၊ ငါတို့ လာရှင်းပေးမယ်၊ မင်းတို့ ကိုယ်တိုင် မသွားနဲ့” ဟု ပြောဆိုခဲ့သည်။

ထို့နောက် တပ်ရင်းမှူးက ရခိုင်များနှင့် ရန်ဖြစ်ခဲ့ရာတွင် ကော်ဘိရ်အာမတ် ဟုခေါ်သော လူတစ်ဦး ပါဝင်ခဲ့သည်ဟု ရခိုင်များက ပြောခဲ့သောကြောင့် ယခု ဖမ်းဆီးထားသော ကော်ဘိရ်အာမတ် (ဘ) ဦးအဒူဆော်လာမ် ဆိုသူကို ပြန်လည် လွှတ်ပေးမည် မဟုတ်ကြောင်း၊ ကျန်သည့်လူ ငါးဦးကို လာရောက်၍ ရွေးယူရန် ပြောဆို၍ ထွက်ခွာသွားခဲ့သည်။

မေလ (၁၉) ရက်နေ့ ညနေပိုင်းတွင် ကော်ဘိရ်အာမတ် (ဘ) ဦးအဒူဆော်လာမ်မှ အပ ကျန်သည့် ၅ ဦးကို ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ဦးကော်ဘိရ်အာမတ်ကိုမူ ရခိုင်များနှင့် ရန်ဖြစ်ခဲ့သူများကို ဖမ်းဆီးပေးမှသာ ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း သို့မဟုတ်ပါက နယ်ခြားစောင့် ရဲများ ရွာထဲဝင်ရောက်၍ တွေ့သမျှ လူများကို ဖမ်းဆီးမည်ဟု တပ်ရင်းမှူးက ပြောကြားခဲ့သည်။

Comment ရေးရန်

Rohingya Exodus