နောက်ဆုံးသတင်း/ဆောင်းပါးများ

ငကျည်းတောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ တစ်ဦး ဖမ်းဆီး ရိုက်နှက် ငွေညှစ်



RB News
16.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငကျည်းတောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်းက ရဲများနှင့် ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၁၄) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်၊ ငကျည်းတောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်းသည် စာရေး ဖြစ်သူ ဦးဆော်ယာဒ်ဟူဆောင်းနှင့် ပေါင်တော်ပြင် ကင်းစခန်းမှ ဒုရဲအုပ် အေးမြနှင့် ရဲတပ်ဖွဲ့ (၆) ဦးတို့နှင့် ပူးပေါင်း၍ ငကျည်းတောက် ကျေးရွာ အုပ်စု၊ သီရိကုန်တန်း ကျေးရွာမှ ဦးအာဘူကာလာမ် (ဘ) ဦးအဒူရာမန်ကို အကြောင်းမဲ့ လက်ထိပ်ခတ် ဖမ်းဆီး၍ ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ခေါ်ဆောင်လာပြီး တိရစ္ဆာန် သဖွယ် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်းသည် ဒိုင်းနက်လူမျိုး တစ်ဦး ဖြစ်ပြီး ယခင်က နေစရာ အိမ်ပင် မရှိခဲ့သော်လည်း၊ ယခု အခါ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ပြီး သန်းပေါင်း များစွာ ချမ်းသာ နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းကို မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ ၎င်းသည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပူးပေါင်း၍ ဒေသခံများကို လယ်ယာမြေများ ခွင့်ပြုချက် မပါဘဲ ရောင်းချသည်၊ အိမ်များကို ခွင့်ပြုချက် မပါဘဲ ဆောက်လုပ်သည်၊ ပြုပြင်သည်ဟု လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ပေါင်တော်ပြင် ကင်းစခန်းမှ ကင်းစခန်းမှူး ဒုရဲအုပ်အေးမြကို ရွာထဲသို့ ခေါ်ဆောင်လာကာ ဒေသခံများကို ခြိမ်းခြောက် လေ့ရှိပြီး၊ ဒုရဲအုပ်အေးမြ ဆိုသူသည်လည်း လိုင်စင်ရ ဓါးပြ သဖွယ် သောင်းကျန်းလျက် ရှိသည်ဟု ဆိုသည်။ ဒုရဲအုပ် အေးမြနှင့် ပတ်သက်၍ ဒေသခံများက ရဲမှူးကြီး စွမ်းဇာနည်ထံ တိုင်ကြားသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ အရာရှိကြီးများက ၎င်းတို့၏ လက်အောက်ငယ်သားများ ဥပဒေ ချိုးဖောက်၍ လိုင်စင်ရ ဓါးပြများကဲ့သို့ သောင်းကျန်းနေသည်ကို အရေးယူ ဆောင်ရွက် မပေးပါက ဒေသခံ ရွာသားများနှင့် တနေ့နေ့ တချိန်ချိန်တွင် ထိပ်တိုက် တွေ့ရန် အလားအလာများ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus