နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုရားပြင် အောင်ပမှ စ.ရ.ဖ တပ်ဆွယ်မှူးက ဒေသခံများ ထံမှ ထပ်မံ၍ ငွေညှစ်လျက်ရှိ



MYARF
RB News
11.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း အခြေစိုက် စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ဇူလိုင်လ (၅) ရက်နေ့က ဘုရားပြင် အောင်ပ ကျေးရွာ အုပ်စု အကွက် (၁) နေ ဦးမာမတ်တော်ယုဖ် (ဘ) ဦးမာမတ်ဆီဒိခ် (အသက် ၃၀ နှစ်) ကို လမ်းမှ ဖမ်းဆီး၍ စ.ရ.ဖ ရုံးသို့ ခေါ်ဆောင် သွားပြီး တရားမ၀င် ဘင်္ဂလားဖုန်း သုံးစွဲ နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ထိပ်တုံး ခတ်ကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ဇူလိုင်လ (၁) ရက်နေ့ကလည်း အဆိုပါ စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ဘုရားပြင် အောင်ပ ကျေးရွာ အုပ်စု အကွက် (၈) နေ မော်လ၀ီ အဗ်ဒူလ္လာကို စခန်းသို့ ခေါ်ဆောင် သွားပြီး နိုင်ငံခြားမှ အလှူငွေ ရောက်ရှိနေသည်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ မော်လ၀ီ အဗ်ဒူလ္လာ ထံမှ ငွေညှစ်ခြင်းသည် တစ်ရွာတည်းနေ န.စ.က လက်ထက်ကတည်းက အစိုးရ သတင်းပေး အဖြစ် ကျော်ကြားနေသူ တပည့် ကာဆိမ် (ဘ) ဦးအာမိရ်ဟမ်ဇား (အသက် ၄၀ နှစ်) ၏ မဟုတ်မမှန် သတင်း ပေးမှုကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

တဖန် ဇူလိုင်လ (၂) ရက်နေ့တွင်လည်း တပည့် ကာဆိမ် ဆိုသူက မော်လ၀ီ အဗ်ဒူလ္လာ ထံသွားရောက်၍ ငွေညှစ်ရာ မော်လ၀ီက ငွေပေးရန် ငြင်းဆိုသဖြင့် အခြား အာဏာပိုင်များထံ တိုင်တန်း၍ ငွေညှစ်ခိုင်းမည်၊ ထောင်ချ ခိုင်းမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း ထပ်မံ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ တပည့်ကာဆိမ် ဆိုသူသည် န.စ.က လက်ထက် ကတည်းက အာဏာပိုင်များ လက်သပ် မွေးထားသည့် သတင်းပေး တစ်ဦး ဖြစ်ပြီး ရွာသားများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိနေသူ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

Comment ရေးရန်

Rohingya Exodus