နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိမ်းရောင် ကဒ်ပြားများ ထုတ်ပေးရန် ကြိုးစားနေမှု အောင်မြင်မှု မရှိ



MYARF
RB News
10.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် လ.၀.က မှ ဒု-ဦးစီးမှူး ဦးဆောင်သော အဖွဲ့ဝင် (၅) ဦးပါ အဖွဲ့ တစ်ဖွဲ့သည် ဇူလိုင်လ (၉) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မြို့မ ကညင်တန်း ကျေးရွာ အုပ်စုသို့ ရောက်ရှိလာပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် အခြေချကာ ရွာဆော်အား အသံချဲ့စက်ဖြင့် ဓါတ်ပုံ နှစ်ပုံစီနှင့် လာရောက်၍ နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံ ကဒ်ပြား (အစိမ်းနုရောင် ကဒ်ပြား) များ လာရောက် ထုတ်ယူရန် ကြေညာ စေခဲ့သည်။

တစ်နေကုန် ကြေညာနေခဲ့သော်လည်း ရွာသူ/သား တစ်ဦး တစ်ယောက်မှ လာရောက်၍ ထုတ်ယူခဲ့ခြင်း မရှိကြောင်း ဒေသခံ ရွာသားများက RB News သို့ပြောသည်။ 

အဆိုပါ အစိမ်းရောင် ကဒ်ကို လက်ခံယူ၍ ဒုက္ခ၀န် မထမ်းဟု ဆိုက္ကားသမားများနှင့် နေ့စား အလုပ်သမား များကပါ ဝေဖန် ပြောဆိုနေကြသည်။ 

အခြားသော လ.၀.က အဖွဲ့ တစ်ဖွဲ့လည်း ရွှေဇား ကျေးရွာသို့ ၃ ရက်တိတိ သွားရောက်ပြီး အစိမ်းရောင် ကဒ်ပြားများ ထုတ်ပေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း သိရသည်။ 

ဇူလိုင်လ (၆) ရက်နေ့တွင် ခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်နှင့် အဖွဲ့သည် မောင်တော မြို့နယ် မြောက်ပိုင်း၊ ဖားဝပ်ချောင်း ကျေးရွာနှင့် မြို့မကညင်တန်း ကျေးရွာသို့ လည်းကောင်း၊ ဇူလိုင်လ (၄) ရက်နေ့တွင် ရွှေဇား ကျေးရွာသို့ လည်းကောင်း သွားရောက်ပြီး အစိမ်းရောင် ကဒ်ပြားများ လက်ခံရယူရန် စည်းရုံး၍ မရသဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသခံ ရိုဟင်ဂျာများက အစိုးရ၏ လှည့်စားမှုကို ရိပ်မိ၍ မည်သူ တစ်ဦး တစ်ယောက်ကမှ အစိမ်းရောင် ကဒ်ပြားကို လက်ခံခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဇူလိုင်လ (၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာသို့ လ.၀.က အဖွဲ့ သွားရောက်ရန် အစီအစဉ် ရှိခဲ့သော်လည်း၊ နောက်ဆုံးတွင် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ရွက်ညိုတောင် စခန်း (စခန်း ၁၂) ပိုင် ကျေးရွာ အုပ်စု ၁၀ စုကို စခန်းတွင် စုဝေးရန် ချိန်းထားကြောင်း သိရသည်။ အခြားသော ကျေးရွာများတွင် စည်းရုံးရေး မအောင်မြင်ခဲ့၍ ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများထဲသို့ ခေါ်၍ ခြိမ်းခြောက်ရန် စီစဉ် ထားခြင်း ဖြစ်မည်ဟု ဒေသခံများ ဝေဖန် ပြောဆိုနေကြသည်။ 

အစိုးရ အာဏာပိုင်များက မည်သို့ပင် ခြိမ်းခြောက်သည် ဖြစ်စေ ယင်းအစိမ်းရောင် ကဒ်ပြားများကို လုံးဝ လက်ခံမည် မဟုတ်ဟု ဒေသခံ ရိုဟင်ဂျာများက ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus