နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူးသူ ပွဲစားကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး ဘူးသီးတောင် ထောင်သို့ပို့



MYARF
RB News
14.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် စံပယ်ကုံး ကျေးရွာမှ လူကုန်ကူးသူ ပွဲစား တစ်ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၅၀) ဦးခန့်သည် စံပယ်ကုံး ကျေးရွာသို့ ရောက်ရှိလာပြီး ယင်းကျေးရွာမှ လူကုန်ကူးသူ ပွဲစား ဖြစ်သူ မော်လ၀ီ အလီဇူဟာရ်၏ အိမ်ကို ၀န်းရံပြီး အိမ်ကို စစ်ဆေး၍ မော်လ၀ီ အလီဇူဟာရ်ကို ဖမ်းဆီးပြီး ထိုနေရာတွင်ပင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ ကျေးရွာသား များက RB News သို့ပြောသည်။ ထို့နောက် ၎င်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး နေ့လည်ပိုင်း အချိန်တွင် ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် လိုက်ကြောင်း သိရသည်။ 

နယ်ခြားစောင့် ရဲများက စံပယ်ကုံး ကျေးရွာ အုပ်စု ဥက္ကဌဟောင်း ဦးအဘူဂျော်မိလ်၏ နေအိမ်ကို သွားရောက် ရှာဖွေ ခဲ့သော်လည်း ဦးအဘူဂျော်မိလ်ကို မတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ဒေသခံများက မော်လ၀ီ အလီဇူဟာရ်သည် လူကုန်ကူးသူ ပွဲစား တစ်ဦး ဖြစ်သော်လည်း ဖမ်းဆီး၍ ဥပဒေနဲ့ အညီ အရေးယူရမည် ဖြစ်ကြောင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း၊ ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာလည်း နယ်ခြားစောင့် ရဲများက လူမျိုး၊ ဘာသာ ခွဲခြားကာ တမင် ရည်ရွယ်ချက် ရှိရှိဖြင့် ရိုက်နှက် ခြင်းသာ ဖြစ်ကြောင်း ဝေဖန် ပြောဆိုနေကြသည်။ နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် လူသေဆုံးမှုများ မကြာခဏ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus