နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုတိယကြိမ်မြောက် ဥရောပရောက် ရိုဟင်ဂျာများ ညီလာခံ ဒိန်းမတ်နိုင်ငံတွင် ကျင်းပ



RB News
4.8.2015

အဲစ်ဗီယာ၊ ဒိန်းမတ် ။ ။ ဒုတိယကြိမ်မြောက် ဥရောပရောက် ရိုဟင်ဂျာများ ညီလာခံကို ဒိန်းမတ်နိုင်ငံ၊ အဲစ်ဗီယာမြို့တွင် သြဂုတ်လ (၁) ရက်နေ့မှ (၂) ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့သည်။ ညီလာခံသို့ ဒိန်းမတ်၊ ဗြိတိန်၊ နော်ဝေး၊ နယ်သာလန်၊ ဂျာမဏီ၊ ဆွဇ်ဇာလန်နှင့် အီတလီနိုင်ငံတို့မှ ကိုယ်စားလှယ်များ ၆၀ ကျော်တက်ရောက်ခဲ့သည်။ အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့၊ မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဒိန်းမတ်)၊ ရိုဟင်ဂျာ အသင်း (နော်ဝေး)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဂျာမဏီ)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဆွဇ်ဇာလန်)၊ မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (အီတလီ)၊ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (နယ်သာလန်) တို့မှ ကိုယ်စားလှယ်များနှင့် နယ်သာလန်နိုင်ငံမှ အစ္စလာမာ ၀ါလ် အဒါလာ ဖောင်ဒေးရှင်း တည်ထောင်သူများ တက်ရောက်ခဲ့ကြသည်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် ညီလာခံတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် ရေကြီးမှု ကြုံတွေ့နေရသည့် ရေဘေး ဒုက္ခသည်များကို အကူအညီများ ပေးရေး အတွက် လိုအပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ နိုင်ငံအသီးသီးမှ အလှူငွေများ ပေးပို့နိုင်ရန် အတွက် ပထမဦးစွာ ဆွေးနွေးခဲ့ကြပြီး၊ ရိုဟင်ဂျာများ၏ မူရင်းဌာနေ ဖြစ်သော အာရ်ကာန်/ရခိုင်ဒေသမှ ရိုဟင်ဂျာများကို လူမျိုးသုဉ်းအောင် မြန်မာအစိုးရမှ စနစ်တကျ ဂျီနိုဆိုက် ပြုလုပ်နေခြင်းကို ရှုတ်ချခြင်း၊ လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ထားသည့် ပါတီမှ ကိုယ်စားပြု၍ ရွေးချယ်ခံခွင့် မပြုခြင်း၊ ခေတ်အဆက်ဆက်တွင် ရရှိခဲ့သည့် မဲပေးခွင့်ကို ရုပ်သိမ်းလိုက်ခြင်းများကို ရှုတ်ချခြင်းနှင့် ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို လူသားချင်း စာနာသည့် အထောက်အပံ့များ ပေးအပ်ရာတွင် အစွန်းရောက် အုပ်စုများက တားမြစ်ခြင်းများ ပြုလုပ်နေသည်ကို ရှုတ်ချခြင်းများ ပြုလုပ်ခဲ့ပြီး၊ ကွန်ဖရင့် အပြီးတွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကွန်ဖရင့်၏ ကြေညာစာတမ်းတွင် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာသည့် အထောက်အပံ့များ ကန့်သတ်မှု မရှိဘဲ ပေးခွင့် ရရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက် ပေးရန်၊ တငွေ့ငွေ့ လောင်ကျွမ်းနေသည့် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက်၊ လူမျိုးတုန်း သန့်စင်ခြင်း၊ လူသားများ အပေါ် ကျူးလွန်နေသည့် ပြစ်မှုများကို နိုင်ငံတကာမှ လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်မှ စုံစမ်း စစ်ဆေးပြီး၊ ပြစ်မှု ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အပြစ်ပေးရေး၊ မြန်မာအစိုးရကို ရိုဟင်ဂျာများအား နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ ပြန်လည် အပ်နှင်းရေး၊ မသင့်မြတ် ဖြစ်နေသည့် ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင် တို့အကြား ယခင်အတိုင်း ငြိမ်းချမ်း ပြန်လည် နေထိုင်နိုင်ရေး အတွက် မြန်မာ အစိုးရကို ဖိအားပေးရန်၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အမေရိကန်နှင့် ဗြိတိန်တို့မှ အမြန်ဆုံး ဆောင်ရွက်ပေးရန် ထည့်သွင်း တောင်းဆိုထားသည်။

ထို့အပြင် ရိုဟင်ဂျာများ ထံမှ ယခင် စစ်အစိုးရ လက်ထက်တွင် အမျိုးသား မှတ်ပုံတင် ကတ်ပြားများ သိမ်းဆည်း၍ အဖြူရောင် ယာယီ သက်သေခံ ကတ်ပြားများ ထုတ်ပေးခဲ့ပြီး၊ ယခု အဖြူရောင် ကတ်ပြားများ သိမ်းဆည်း၍ ယာယီ နေထိုင်ခွင့် ကတ်ပြား (အစိမ်းရောင်) ကဒ်ပြားများ အတင်းအဓမ္မ ကိုင်ဆောင် ခိုင်းခြင်းကိုလည်း အပြင်းအထန် ရှုတ်ချခဲ့သည်။

ဥရောပ ပါလီမန်သို့ မကြာခဏ သွားရောက်၍ ရိုဟင်ဂျာများ၏ အခြေအနေများ တင်ပြလေ့ရှိသည့် ကိုယ်စားလှယ်များက ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေခြင်းထက် ရိုဟင်ဂျာများကို လူမျိုးသုဉ်းအောင် ပြုလုပ်နေသည့် ဂျီနိုဆိုက်အား အမြန်ဆုံး ဟန့်တား အရေးယူပေးရန် ပိုမိုကြိုးစားသွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။

ကွန်ဖရင့် ပထမနေ့တွင် မြန်မာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း (ဒိန်းမတ်) မှ ဦးဇကရီယာက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ၎င်းတို့ အခြေချသည့် နိုင်ငံများရှိ ရိုဟင်ဂျာများ၏ အခြေအနေများ၊ အစိုးရများ၏ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မူဝါဒကို အကျယ်အ၀န့် ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) မှ အထွေထွေ အတွင်းရေးမှူး ဦးအဟမတ်ဂျမာလ်က ၎င်းတာဝန်ယူထားသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မီတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဥက္ကဌ ဦးထွန်းခင်က ဥရောပနှင့် အမေရိကား နိုင်ငံများတွင် သွားရောက်၍ ရိုဟင်ဂျာအရေး လှုပ်ရှားမှုများ၏ အခြေအနေများ၊ ရှေ့လျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် ရှိသည့် ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေများ၊ ပြည်တွင်းတွင် ရိုဟင်ဂျာများ၏ လက်ရှိ နိုင်ငံရေး အခြေအနေများ၊ မီဒီယာများ၏ အခန်းကဏ္ဍများကို ဂျာမဏီနိုင်ငံမှ ဦးနေဆန်းလွင်က ဆွေးနွေးပြီးနောက်၊ ရိုဟင်ဂျာများ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့မှ ဥက္ကဌ ဦးနူရ်အစ္စလာမ်က ဆွေးနွေးခဲ့သည်။

ဧည့်သည်အဖြစ် ရောက်ရှိလာသည့် နယ်သာလန်နိုင်ငံမှ အစ္စလာမာ ၀ါလ် အဒါလာ ဖောင်ဒေးရှင်း တည်ထောင်သူ မစ္စတာ နူရ်အူဒင်ဝိုက်(လ်)မန်းက ဘင်္ဂလားဒေ့ရှ်နှင့် မလေးနိုင်ငံများရှိ ရိုဟင်ဂျာဒုက္ခသည်များကို ကူညီနေသည်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ အားလုံးက ရှေ့ဆက် လှုပ်ရှားသင့်သည်များကို တစ်ဦးချင်းစီ ဆွေးနွေး တင်ပြခဲ့ပြီး ပထမနေ့ ကွန်ဖရင့်ကို ည ၇ နာရီတွင် ရုပ်သိမ်းခဲ့သည်။

ဒုတိယနေ့တွင် တက်ရောက်လာသူများ တင်ပြခဲ့သည်များကို နော်ဝေးနိုင်ငံမှ ဦးဆယာဒ်ဟူစိန်းက ပြန်လည်၍ ဆွေးနွေး အဖြေရှာခဲ့ပြီး၊ လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် ကော်မီတီများ ဖွဲ့စည်းခဲ့သည်။

ဆက်လက်၍ ဦးဆယာဒ်ဟူစိန်းက ကွန်ဖရင့် ကြေညာစာတမ်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြီးနောက်၊ ကွန်ဖရင့် အပိတ်အမှာစကားကို ဗြိတိန်နိုင်ငံမှ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှက ပြောကြားပြီး နေ့လည် ၂ နာရီ အချိန်တွင် ကွန်ဖရင့်ကို ရုပ်သိမ်းခဲ့ပါသည်။

ကွန်ဖရင့်သို့ တက်ရောက် လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ အခြားသော တက်ရောက် လာသူများ အားလုံးက ရိုဟင်ဂျာများ နှစ်ပေါင်းများစွာ ကြုံတွေ့ နေရသည့် အတိဒုက္ခများ အားလုံးမှ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဥရောပနိုင်ငံများရှိ အစိုးရများ၊ ဥရောပ သမဂ္ဂ၊ ဥရောပ ပါလီမန်၊ အခြားသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စည်းလုံး ညီညွတ်စွာဖြင့် အဖြေရှာ သွားမည်ဟု တစ်ညီတစ်ညွတ်တည်း စည်းစည်းလုံးလုံးဖြင့် သဘောတူခဲ့ကြသည်။ 


















 






Comment ရေးရန်

Rohingya Exodus