နောက်ဆုံးသတင်း/ဆောင်းပါးများ

WFP, UNHCR မှ ရေးဘေး ဒုက္ခသည်များကို ပေးသည့် ဆန်များကို အုပ်ချုပ်ရေးမှူး ဝေစုခွဲယူ



MYARF
RB News
14.8.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ ဒါနိုမီယာ ကျေးရွာတွင် ရေကြီး၍ တစ်ရွာလုံး နီးပါး ပျက်စီးသွားခဲ့သည်။ ဒါနိုမီယာရွာတွင် အိမ်ခြေ ၈၀ ရှိသည့် အနက် ၆၅ လုံးပျက်စီး သွားခဲ့သည်။ ပျက်စီးသွားသည့် ၆၅ လုံး အနက် ၁၁ လုံးမှာ ရေထဲမျောပါ သွားသဖြင့် အစအနပင် ရှာ၍ မရခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ရေကြီးမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရသည်။ ဒေသခံ ရွာသားများ၏ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း လုံးဝ ပျက်စီးသွားခဲ့သည်။ အဆိုပါရွာတွင် နေထိုင်သူများ အားလုံးမှာ လယ်သမားများသာ ဖြစ်ကြပြီး လယ်ယာမြေများ ပျက်စီးသွားသောကြောင့် ရွာသားများ အားလုံး ဒုက္ခရောက်လျက် ရှိကြသည်။ 

၎င်းတို့၏ အခက်အခဲများကို WFP နှင့် UNHCR တို့မှ ကြားသိပြီးနောက် သြဂုတ်လ (၈) ရက်နေ့တွင် WFP နှင့် UNHCR မှ ၀န်ထမ်းများ ရောက်ရှိလာပြီး ရွာသားများကို ဆန်များ ထောက်ပံ့ ပေးခဲ့သည်။ ဆန်များ ဝေငှနေစဉ် ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သံလှ ရောက်ရှိလာပြီး WFP နှင့် UNHCR တို့မှ ၀န်ထမ်းများကို “ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဆန်တွေ ဝေနေတာလဲ” ဟု မေးမြန်းရာ ၀န်ထမ်းများက မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် ရယူခဲ့သည်ဟု ဖြေကြားသဖြင့် ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ဘဲ ပြန်သွားခဲ့သည်။ 

ထို့နောက် အဆိုပါ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သံလှသည် ညနေပိုင်း အချိန်တွင် ထောက်ပံ့ဆန် ရရှိထားသည့် ဒေသခံ ရွာသားများထံ တစ်ဖန် လာရောက်၍ ရရှိထားသည့် ဆန်များထဲမှ ၁၅ အိတ်ကို မည်သူ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် မယူဘဲ ယူဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus