နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော အာဏာပိုင်များက ငွေသိန်း ရာချီ ညှစ်ယူပြီး ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချခွင့် မပြု



MYARF
RB News
16.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စု စေတီပြင်ရွာမှ မော်လ၀ီ ဂျော်မိလ်နှင့် အနောက်ရွာမှ ဦးအီနုစ် တို့နှစ်ဦး ပူးပေါင်း၍ ၂၀၁၄ ခုနှစ်တွင် သက်ဆိုင်ရာ ဌာနများမှ ဆောက်လုပ်ခွင့် ရယူပြီး ရွှေဇား ကျေးရွာအုပ်စု စေတီပြင်ဈေးတွင် ဈေးဆိုင်ခန်း ၅၀ ခန်းကို ယခုနှစ် နှစ်ဆန်းတွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ဆိုင်ခန်းများ ဆောက်လုပ်ပြီးနောက် ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချရန် စီစဉ်သောအခါ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေး ဦးစီးဌာ တို့က ဆိုင်ခန်း ဖွင့်လှစ် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။ 

ထိုအချိန်မှ စ၍က မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေး ဦးစီးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး၊ မြို့နယ် သစ်တော ဦးစီးဌာမှူး၊ အခွန်ဦးစီးဌာန စသည်တို့က စစ်ဆေးလိုသည်ဟု ဆိုကာ အကြိမ်ကြိမ် ဆင့်ခေါ်၍ ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

တစ်ဖန် အဆိုပါ ဌာန ဆိုင်ရာများ ဈေးဆိုင်ပိုင်ရှင် နှစ်ဦးကို ခေါ်ယူ၍ ဆိုင်ခန်း ဖွင့်လှစ် ရောင်းချခွင့် ပြုမည်ဟု ဆိုကာ ထပ်မံ၍ ငွေအမြောက်အမြား ညှစ်ယူခဲ့သည်ဟု ဆိုသည်။ ငွေအမြောက်အမြား ယူပြီးနောက် ဆိုင်ခန်း ဖွင့်လှစ် ရောင်းချခွင့် မပြုဘဲ ဒေသခံ ရခိုင်တိုင်းရင်းသား များက သဘောမတူဟု ဆိုကာ အကြောင်း ပြခဲ့သည်။ 

ထိုသို့ အကြိမ်ကြိမ် ငွေသိန်းရာပေါင်း များစွာ လိမ်လည်၍ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

စက်တင်ဘာလ (၉) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး တို့က မော်လ၀ီ ဂျော်မိလ်နှင့် ဦးအီနုစ် တို့ထံ သွားရောက်ပြီး ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချခွင့် ပြုမည်ဟု ဆိုကာ ငွေကျပ် သိန်း ၃၀၀ တောင်းခဲ့ကြောင်း သိရသည်။ သို့သော် ဆိုင်ခန်း ပိုင်ရှင် နှစ်ဦးက ယခင်က အကြိမ်ကြိမ် လိမ်လည်ခံခဲ့ရ၍ ယခုအခါ အဆိုပါ အာဏာပိုင် များ၏ မက်လုံးကို လွယ်လွယ်နှင့် မယုံနိုင်တော့ဘဲ နောင်တ အကြိမ်ကြိမ် ရခဲ့ပြီးပြီဟု ဆိုကာ ငွေကျပ် သိန်း ၃၀၀ ကို မပေးခဲ့ပေ။

Comment ရေးရန်

Rohingya Exodus