နောက်ဆုံးသတင်း/ဆောင်းပါးများ

သီဟိုဠ်ကျွန်းမှ နယ်ခြားစောင့် ရဲများက ရွာထဲသို့ ၀င်ရောက်၍ နေအိမ်များ အကြောင်းမဲ့ စစ်ဆေး နှောက်ယှက်



MYARF
RB News
22.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ကြပ်ကြီး မင်းဇော် အပါအ၀င် နယ်ခြားစောင့်ရဲ သုံးဦးသည် စက်တင်ဘာလ (၁၇) ရက်နေ့ ည ၈း၅၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်း ကျေးရွာသို့ ၀င်ရောက်ပြီး ကင်းသမား နှစ်ဦးကို ခေါ်ယူပြီး အဆိုပါ ကင်းသမား နှစ်ဦးကို ဆယ်အိမ်မှူးများ အဖြစ် ဟန်ဆောင်ခိုင်းကာ ရွာအတွင်းရှိ လူနေအိမ်များကို ၀င်ရောက် စစ်ဆေးခဲ့သည်။ 

စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သဖြင့် ငွေညှစ်နိုင်ခဲ့ခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဦးဟာဆောင်း၊ ဦးဂျာဘဲရ်၊ ဦးကိန်ဖူးရူး၊ ဦးဖွေဂျီးအာလောမ်၊ ဦးဟူဆောင်း၊ ဦးနူရ်မာလ်ဟာကိမ်း တို့၏ နေအိမ်များနှင့် ဆိုင်တစ်ဆိုင်တို့ စစ်ဆေးခံခဲ့ရသည်။ 

နယ်ခြားစောင့် ရဲများသည် ဦးနူရ်မာလ်ဟာကိမ်း၏ အိမ်သို့ ၀င်ရောက်သည့် အခါ ဦးနူရ်မာလ်ဟာကိမ်း၏ သမီး ဒေါ် ….. သည် အိမ်ရှေ့ ကြမ်းပြင်ပေါ်တွင် ရှိနေခဲ့ပြီး၊ နယ်ခြားစောင့်ရဲများကို တွေ့သည့်အခါ အိမ်နောက်ဖေးသို့ ပြေးဝင်သွားရာ နယ်ခြားစောင့် ရဲများက နောက်ဖေးထိ လိုက်လံပြီး ခြေထောက်ဖြင့် ကန်ကျောက်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းစေ ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက ခန္ဓာကိုယ်ကို ကိုယ်တွယ်၍ စစ်ဆေးခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့် ရဲများသည် ညတိုင်းလိုလို ရွာထဲသို့ ၀င်ရောက်ပြီး လူနေအိမ်များကို အကြောင်းမဲ့ စစ်ဆေးကာ နှောက်ယှက်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း အချို့ မပြောမဆိုတတ်သည့်သူများနှင့် အမျိုးသားများ မရှိသောအိမ်များမှ လုပ်ကြံ ငွေညှစ်လေ့ရှိသည်။ နေ့ပိုင်းတွင်လည်း လမ်းသွားလမ်းလာ များကို စစ်ဆေးပြီး အမျိုးမျိုး ကြံဖန် စွပ်စွဲကာ ငွေညှစ်လေ့ ရှိသည်။

Comment ရေးရန်

Rohingya Exodus