နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များက သေနတ် မိုးပေါ်ထောင်ပစ် ခြိမ်းခြောက်၍ ငွေညှစ်



MYARF
RB News
1.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းတာဝန်ခံ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၃) ဦးသည် သြဂုတ်လ (၂၈) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ ဦးကော်ရီမူလ္လာ (ဘ) ဦးဟာလဲဒ်ဟူစိန်း၏ နေအိမ်သို့ သွားရောက်ပြီး ဦးကော်ရီမူလ္လာအား အိမ်ရှေ့ ကြမ်းပြင်သို့ ခေါ်ထုတ်ကာ ဘင်္ဂလားဖုန်း ထုတ်ပေးဟု ဆိုကာ ခြိမ်းခြောက်၍ ရိုက်နှက်ခဲ့သည်။ ဦးကော်ရီမူလ္လာက ၎င်းထံတွင် ဘင်္ဂလားဖုန်း မရှိသဖြင့် မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

ထို့နောက် ဒုရဲအုပ်က ဦးကော်ရီမူလ္လာ၏ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ကာ ပစ်သည်ဟု ခြိမ်းခြောက်၍ မိုးပေါ်သို့ သေနတ် နှစ်ချက် ပစ်ဖောက်၍ ဘင်္ဂလားဖုန်း ရှိသည်ဟု အတင်းအဓမ္မ ၀န်ခံခိုင်းပြီး ငွေကျပ် သုံးသိန်း ညှစ်ယူ၍ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ စစ်သား အချို့သည် ကားတစ်စီးဖြင့် စေတီပြင်ရွာသို့ ရောက်ရှိလာပြီး ရွာသားများကို လွန်ခဲ့သည့်ညက သေနတ် ပစ်ဖောက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ရွာသားများက ဦးကော်ရီမူလ္လာ၏ အိမ်ရှေ့ ကြမ်းပြင်မှ ထွက်လာသည့် အသံ ဖြစ်သည်ဟု ဖြေဆိုခဲ့ကြသည်။ ထို့နောက် စစ်သားများသည် ဦးကော်ရီမူလ္လာ၏ နေအိမ်သို့ သွားရောက်၍ မေးမြန်းကြရာ ဦးကော်ရီမူလ္လာက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်က ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ဖြေဆိုသဖြင့် စစ်သားများသည် တပ်ရင်းသို့ ပြန်လည် ထွက်ခွာသွားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကို ဆင့်ခေါ်၍ စစ်ဆေးရာ ၎င်းက မတော်မဆ ပစ်ခဲ့မိသည်ဟု လိမ်ညာ ခဲ့ကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus