နောက်ဆုံးသတင်း/ဆောင်းပါးများ

ကိုယ်စားလှယ် လောင်းများ အကြိမ်ကြိမ် အပယ်ခံ နေရလို့ ဗဟိုသို့ စာတင်မည်



RFA မြန်မာပိုင်း
13.9.2015

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ်လောင်း ၁၇ ဦးကို တိုင်းနဲ့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံ ပယ်ချ ခံရတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့ တင်ပြသွားမယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း ၁၈ ယောက် တင်သွင်းရာမှာ ၁၇ ယောက် ပယ်ချ ခံရတဲ့ အတွက် ပြန်လည် သုံးသပ်ပေးဖို့ ကော်မရှင်ကို တင်ပြမှာ ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ ဥက္ကဌ ဦးကျော်မင်း က ပြောပါတယ်။

"ကျနော်တို့ဟာ အဆိုပြုလွှာ တင်တဲ့ အထဲမှာ ၂ဝ၁ဝ ထဲမှာ အရွေးချယ် ခံခဲ့တဲ့ ပုဂ္ဂိုလ်တချို့လည်း ပါပါတယ် အရွေးခံခွင့် ရခဲ့တယ်၊ အခုကျတော့ မရဘူးဖြစ်နေတယ်၊ အဲ့ဒီတော့ ကော်မရှင်ဥပဒေကို ကော်မရှင် အနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာ တစ်ချိန်နဲ့တစ်ချိန်က မတူဘူးဖြစ်နေတယ်၊ အဲ့ဒါကို ပြန်လည် သုံးသပ်ပေးဖို့ ကျနော်တို့ စဉ်းစားကြည့်တာပေါ့၊ ဘာများ ဆက်လုပ်ဖို့ ရှိလဲဆိုတော့ ဗဟိုက ပယ်ရင်တော့ အရွေးမခံပဲ နေရမှာပဲ၊ ကျနော်တို့ ဝင်ပြိုင်တဲ့ နေရာ တစ်နေရာပဲ ရှိတော့မယ်"

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီမိုကရေစီနဲ့လူ့အခွင့် အရေးပါတီက ရခိုင်ပြည် နယ်မှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၇ ဦး အမည်စာရင်း တင်သွင်းခဲ့ရာမှာ ၁၇ ဦး ပယ်ချခံခဲ့ ရတာ ဖြစ်ပါတယ်။

ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ပယ်ခံရတာများတယ်လို့ သိရပါတယ်။ အဲ့ဒီပယ်ချခံရသူတွေဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီဝင် အများစုဟာ အစ္စလမ်ဘာသာဝင် အများစုဖြစ်ပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်းတွေဟာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ ပယ်ချခံရတဲ့အတွက် တိုင်းနဲ့ပြည်နယ် ကော်မရှင်တွေမှာ အယူခံဝင်ခဲ့ပေမယ့် ထပ်မံပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus