နောက်ဆုံးသတင်း/ဆောင်းပါးများ

ကိုယ်စားလှယ်လောင်း မိဘ နိုင်ငံသား ဖြစ်ရေး ပြဌာန်းချက် NLD ပြစ်တင် ဝေဖန်



1.9.2015

လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောလိုက် ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ RFA ကို ပြောလိုက်တာ ဖြစ်ပါတယ်။

"၁၀ (င)ကတော့ ဥပဒေအရ မှားယွင်းမှုမရှိဘူးလေ၊ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြန်ကြည့်လို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ဘူးလို့ထင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းက ညီမျှတဲ့ အခွင့်အရေးရှိရမယ်၊ မိဘတစ်ပါးပါးကြောင့် ဒီလိုချို့ယွင်းတာကို မူတည်ပြီးတော့ ပယ်လိုက်တာဟာ သူ့ရဲ့နိုင်ငံသားအခွင့်အရေး ထိခိုက်တယ်လို့ ယူဆတယ်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်းဟာ ညီမျှတဲ့အခွင့်အရေးရှိရမယ်လို့ ပါရှိတဲ့ အတွက် ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်နဲ့ ကိုက်ညီမှုမရှိသလို နိုင်ငံသားအခွင့်အရေးကို ထိခိုက်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာခရိုင်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက စိစစ်နေရာမှာ မွေးဖွားစဉ်အချိန်က မိဘနှစ် ပါးနိုင်ငံသား မဖြစ်သေးတဲ့အတွက် အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတဲ့ ၁၀(င) ပါ ပြဌာန်း ချက်တွေအရ ကိုယ်စားလှယ်လောင်းအတော်များများ ပယ်ချခံထားကြရပါတယ်။

Comment ရေးရန်

Rohingya Exodus