နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရမှ နယ်ခြားစောင့်ရဲ များက ဒေသခံ သုံးဦးကို ဘင်္ဂလားဖုန်း မိသည်ဟု လုပ်ကြံကာ ရိုက်နှက် ငွေညှစ်



MYARF
RB News
28.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ယခင် အမှတ် (၅) နယ်မြေ (ယခု ဒေသ ၂) ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၁၂) ဦးသည် အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လည် ၂ နာရီကျော် အချိန်တွင် ဦးရှည့်ကျ ကျေးရွာသို့ သွားရောက်၍ ဦးဟာလာဘော်ဒါ (ဘ) ဦးဂူလာမ်ဘာရီ (အသက် ၄၀ နှစ်) ၏ နေအိမ်ကို ၀န်းရံ၍ ဦးဟာလာဘော်ဒါနှင့် ၎င်း၏ နေအိမ်သို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိနေသော အာရှောဇာမာ (ဘ) ဦးဟာရွန် (အသက် ၂၅ နှစ်) တို့ကို ဘင်္ဂလားဖုန်း မိသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

အမှန်တကယ်တွင် ၎င်းတို့နှစ်ဦးထံမှ MPT ဖုန်းများသာ ရရှိခဲ့ခြင်း ဖြစ်ပြီး၊ ဘင်္ဂလားဖုန်း တွေ့ရှိခဲ့သည်ဟု လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ စခန်းသို့ ရောက်သည်နှင့် နှစ်ဦး စလုံးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ဦးဟာလာဘော်ဒါ၏ ဦးခေါင်းမှ ဆံပင်များ ဆွဲနုတ်ခဲ့သည်။ ၎င်းတို့ နှစ်ဦးစလုံးကို နှစ်ရက်ကြာ ချုပ်နှောင် ထိန်းသိမ်း ထားပြီး အောက်တိုဘာလ (၂၁) ရက်နေ့တွင် ငွေကျပ် ၁၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် အောက်တိုဘာလ (၂၅) ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း ဦးရှည့်ကျ ကျေးရွာသို့ ထပ်မံ သွားရောက်ပြီး ရော်ရှီဒူလ္လာ (ဘ) ဦးမာမတ်အာလောမ် (အသက် ၁၅ နှစ်) ကို MPT ဖုန်းတစ်လုံးဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကိုလည်း ဘင်္ဂလားဖုန်း မိသည်ဟု လုပ်ကြံ၍ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ထိုကဲ့သို့ မကြာခဏ လုပ်ကြံ၍ ငွေညှစ်လေ့ ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာ အချို့ကို MPT ဖုန်းများမှာ တိုင်းရင်းသားများသာ သုံးစွဲခွင့် ရှိပြီး၊ ဘင်္ဂလီများ အတွက် မဟုတ်၊ ဘင်္ဂလီများမှာ ဖုန်းနှင့် ထိုက်တန်ခြင်း မရှိဟု စော်ကား ပြောဆိုလေ့ ရှိသည်ဟု ဒေသခံများ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus