နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ တစ်ဦးက အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်



MYARF
RB News
11.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ပဒင်း ကျေးရွာအုပ်စု၊ ပိုက်သည်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ၁၅ (မန်ကျည်းချောင်း စခန်း) မှ နယ်ခြားစောင့်ရဲ ၀င်းမြင့်သည် အောက်တိုဘာလ (၆) ရက်နေ့ ည ၉ နာရီ အချိန်တွင် ပိုက်သည်ရွာမှ ရွာသားတစ်ဦး လမ်းလျှောက်သွားနေစဉ် အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်ရာ ရွာသားက ငွေမပေးချင် သောကြောင့် အပြန်အလှန် စကားများခဲ့ကြသည်။ ရွာသားဖြစ်သူက နောက်ဆုံးတွင် မတတ်သာတော့၍ ကြက်တစ်ကောင် ပေးမည်ဟုဆိုသဖြင့် လွှတ်ပေးခဲ့သည်။

အောက်တိုဘာလ (၇) ရက်နေ့တွင် အဆိုပါ နယ်ခြားစောင့်ရဲက ရွာသားကို လိုက်လံ ရှာဖွေခဲ့သော်လည်း ရွာသားက ကြက်မပေးချင်၍ နယ်ခြားစောင့်ရဲကို ရှောင်နေခဲ့သည်။ 

အောက်တိုဘာလ (၉) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲ ၀င်းမြင့်သည် ရွာသား၏ ဖခင်ဖြစ်သူကို ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည်ကို တွေ့ရှိပြီး ဖခင်ဖြစ်သူကို သားဖြစ်သူထံမှ ကြက်တစ်ကောင် ရရန်ရှိသောကြောင့် ကြက်တစ်ကောင် ပေးရမည်ဟု ဆိုကာ ကြက်တစ်ကောင် တောင်းရာ ရွာသား၏ ဖခင်က ဤအချိန်တွင် ကြက်မရနိုင်၊ မနက်ဖြန် ပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲက ယခုပေးရမည်ဟု ဆိုကာ အပြန်အလှန် အချေအတင် စကားများခဲ့ကြသည်။ ထို့နောက် နယ်ခြားစောင့်ရဲသည် စခန်းသို့ ပြန်သွားပြီး သေနတ်ယူလာကာ ယင်းဆိုင်သို့ ပြန်လာပြီး ရွာသား၏ ဖခင်ဖြစ်သူကို ရှာဖွေသော်လည်း ပြန်သွားသည့် အတွက် ရှာဖွေ မတွေ့ရှိခဲ့၍ ဆိုင်ရှင် ဖြစ်သူကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ 

သို့သော်လည်း သေနတ် ကျည်ဆံသည် ဆိုင်ရှင်ကို မထိမှန်ဘဲ ဆိုင်ထရံ ပေါက်၍ ဆိုင်နောက်ဖက် အိမ်ရှေ့ ကြမ်းပြင်တွင် ထိုင်နေသည့် ဆိုင်ရှင်၏ ဖခင်ဖြစ်သူ ဦးမာမတ်ဆုလ်တာန် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၅၂ နှစ်) ၏ ဗယ်ဘက် ခြေထောက်ကို ထိမှန်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် နယ်ခြားစောင့်ရဲ ၀င်းမြင့်သည် စခန်းသို့ ပြန်သွားပြီး ဒုရဲအုပ် မင်းထွန်း အပါအ၀င် နယ်ခြားစောင့်ရဲ အချို့ကို ခေါ်လာခဲ့သည်။ နယ်ခြားစောင့်ရဲ များက ကျည်ဆံ ထိမှန်၍ ဒဏ်ရာ ရရှိသွားသော ဦးမာမတ်ဆုလ်တာန်ကို ကားပေါ် တင်၍ မောင်တော ဆေးရုံသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲ ၀င်းမြင့်က ကျေးရွာ အုပ်ချုပ်ရေးမှူးကို စခန်းသို့ ဆင့်ခေါ်၍ သေနတ်ပြင်ရာတွင် အလိုအလျောက် သေနတ် ကျည်ဆံ ထွက်သွားခဲ့သည်ဟု အစီရင်ခံစာ ရေးသားကာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို လက်မှတ် ထိုးစေခဲ့သည်။ 

ဒဏ်ရာ ရရှိသွားခဲ့သည့် ဦးမာမတ်ဆုလ်တာန်သည် မောင်တော ဆေးရုံတွင် ယခုအချိန်ထိ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus