နောက်ဆုံးသတင်း/ဆောင်းပါးများ

သမ္မတ ဦးသိန်းစိန်အား အမေရိကန် တရားရုံးက ဆင့်ခေါ်

၂၀၁၂ စက်တင်ဘာတွင် ကုလ သမဂ္ဂတွင် မိန့်ခွန်း ဖတ်ကြား နေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – Reuters)



2.10.2015

သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏၀န်ကြီး အများအပြားကို နယူးယောက်မြို့ရှိ အမေရိကန် ဖက်ဒရယ် တရားရုံးတရုံးမှ သမ္မာန်စာ ထုတ်ခဲ့သည်ဟု သိရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ပြီး အစိုးရက ဘင်ဂါလီဟု အသိအမှတ်ပြု ထားသော မွတ်စလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဆင့်ခေါ်ခြင်းဖြစ်သည်။

နယူးယောက် တောင်ပိုင်းခရိုင် အမေရိကန် ဖက်ဒရယ်တရားရုံးတွင် အမေရိကန် မွတ်စလင် အဖွဲ့အစည်း ၁၉ ခု ပါဝင် ပူးပေါင်းထားသည့် Burma Task Force USA (BTF) က တရားစွဲဆိုခဲ့သောကြောင့် ထိုသို့ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် ၎င်း၏၀န်ကြီးများက နယူးယောက်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အကြိမ် ၇၀ မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အောက်တိုဘာလ ၂ရက်နေ့ ၌ နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

အဆိုပါ မဟာမိတ်အဖွဲ့က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်က နှိပ်စက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ပြီး ၎င်းတို့၏ မိသားစုများနှင့် အတူ နေအိမ်ကို စွန့်ခွာခဲ့ရ၍ လက်ရှိတွင် အမေရိကန်၌ ခိုလှုံနေသော ဒုက္ခသည် ၃ ယောက်၏ ကိုယ်စား တရားစွဲဆိုခြင်းဖြစ်ပြီး နစ်နာကြေးနှင့် ထိုက်သင့်သော ပြစ်ဒဏ် ချမှတ်ရန် ဖြစ်သည်။

သမ္မတဦးသိန်းစိန်အား လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ တရားလွတ် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုဖြစ်စေခြင်း စသည်တို့ အတွက် Alien Tort Claims Act (ATCA) (နိုင်ငံခြားသားများ အမေရိကန် ပြင်ပတွင် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကို ဖြေရှင်းပေးသည့် ဥပဒေ) နှင့် Torture Victim Protection Act (TVPA) (နှိပ်စက်ညှဉ်းပန်းခံရသူများကို ကာကွယ်ပေးသည့် ဥပဒေ) စသည့် ပုဒ်မများ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

“မီဒီယာအများစုက ဆီးရီးယား ဒုက္ခသည်တွေအကြောင်းကို အလေးပေး ဖော်ပြနေကြတယ်။ ဒါပေမယ့် နှိပ်စက် ညှဉ်းပမ်းမှုတွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ဘယ်နှသိန်းလောက်ရှိပြီလဲ”ဟု Burma Task Force USA အဖွဲ့အား ထောက်ခံသူတဦးဖြစ်သော Muslim Peace Coalitionအဖွဲ့မှ Shaik Ubaid က မေးခွန်းထုတ်လိုက်သည်။

“မြန်မာနိုင်ငံ လူဦးရေရဲ့ အစိတ်အပိုင်းတခုက နိုင်ငံမဲ့နေတဲ့သူတွေ ဖြစ်နေတဲ့ အချိန်မှာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီ အစဉ်တွေက ထိရောက်မှုမရှိခဲ့ပါဘူး။ ငြိမ်းချမ်းတဲ့ အနာဂတ်တခုဖြစ်ဖို့ဆိုတာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ခြင်းနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်မှုတွေကို ပယ်ဖျက်နိုင်ခြင်း အပေါ်မှာမူတည်နေပါတယ်”ဟု နယူးယောက်မြို့ရှိ Burma Task Force USA ၏ ဒါရိုက်တာ Adem Carroll ကပြောသည်။

လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် ပတ်သတ်၍ နိုင်ငံအကြီးအကဲတဦးအား အမေရိကန်တရားရုံးမှ သမ္မာန်ထုတ်ခြင်း သည် ယခုတကြိမ်က ပထမဆုံးမဟုတ်ပါ။ လွန်ခဲ့သည့် ၂နှစ်က လက်ရှိ အိန္ဒိယ၀န်ကြီးချုပ် Nerendra Modi နှင့် ၀န်ကြီးချုပ်ဟောင်း Manmohan Singh တို့ကိုလည်း သမ္မာန်စာထုတ်ခဲ့သည်။ အဆိုပါ အမှု ၂ လုံးတွင် ၎င်းတို့က နိုင်ငံအကြီးအကဲများ ဖြစ်နေသည့်အတွက် အမေရိကန်တရားရုံးမှ တရားစွဲဆို၍ မရကြောင်း အမေရိကန် အစိုးရက တရားရုံးများကို ပြောခဲ့သည်။

ယခုကိစ္စတွင်လည်း အမေရိကန် နိုင်ငံရေးဝန်ကြီးဌာနက အလားတူဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

Comment ရေးရန်

Rohingya Exodus