နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂျပန်ရောက် ရိုဟင်ဂျာများက တိုကျိုမြို့တွင် လမ်းလျှောက် ဆန္ဒပြပွဲတစ်ရပ် ကျင်းပ

RB News
21.10.2015

တိုကျို၊ ဂျပန် ။ ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) - BRAJ က အောက်တိုဘာလ (၂၀) ရက်နေ့တွင် လမ်းလျှောက် ဆန္ဒပြပွဲ တစ်ရပ်ကို တိုကျိုမြို့လည်နှင့် မြန်မာ သံရုံး ရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 

ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းမှ အဖွဲ့ဝင် ၆၀ နီးပါး ပါဝင်ခဲ့ပြီး၊ ဂျပန်နိုင်ငံမှ နာမည်ကြီး မီဒီယာ ၈ ခု လာရောက်ပြီး သတင်းယူခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဥက္ကဌ ဦးအောင်တင်နှင့် ဒု-ဥက္ကဌ ဦးဟာရွန်ရော်ရှိတ် တို့က မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာများနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသည့် အခြေအနေမှန် များကို ထုတ်ဖော် ပြောကြားခဲ့သည်။ 

ဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးများသည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပြီး၊ ၁၉၆၂ ခုနှစ်တွင် အာဏာရှင် ဦးနေ၀င်းက တိုင်းပြည်၏ အာဏာကို သိမ်းပိုက်ပြီး နောက်ပိုင်းတွင် ပစ်မှတ်ထား ခွဲခြား ဆက်ဆံ၍ ညှဉ်းပန်း နှိပ်စက်လာခဲ့သည်မှ အစပြု၍ ယနေ့ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လူမျိုးသုဉ်း သတ်ဖြတ်မှုကိုပါ ကြုံတွေ့နေရခြင်း၊ ခေတ်အဆက်ဆက်တွင် ရရှိခဲ့သော်လည်း လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ရုပ်သိမ်းခံရခြင်း၊ ရိုဟင်ဂျာများအား ခိုးဝင် ဘင်္ဂါလီများ အဖြစ် စွပ်စွဲ ခေါ်ဆိုနေခြင်းတို့ သိရှိစေရန်၊ ရိုဟင်ဂျာများအား အခြားသော တိုင်းရင်းသားများ နည်းတူ အခွင့်အရေး ပြန်လည် ပေးရေး၊ မ.ဘ.သ အဖွဲ့၏ ဘာသာခြားများ အပေါ် အကြမ်းဖက်နေခြင်းများ ရပ်တန့်ရေး၊ စစ်မှန် သန့်ရှင်းပြီး အားလုံး ပါဝင်ခွင့် ရသည့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် အနိုင်ရပါတီကို အမြန်ဆုံး အာဏာလွှဲပေးရေး တို့တောင်းဆိုရန် ဖြစ်သည်ဟု BRAJ အဖွဲ့မှ RB News သို့ပြောပါသည်။ 

ဆန္ဒပြပွဲကို နေ့လည် ၁း၃၀ မှ ၃း၃၀ နာရီထိ ကျင်းပခဲ့သည်။





















Comment ရေးရန်

Rohingya Exodus