နောက်ဆုံးသတင်း/ဆောင်းပါးများ

အကျဉ်းသားကားကို လမ်းမပေးဟု ဆိုကာ ဒေသခံတစ်ဦးကို ဖမ်းဆီး ရိုက်နှက် ငွေညှစ်



Rohingya Eye
RB News
10.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား၊ ဂုန္နားဟ်ရွာမှ မာမတ် ဖိုက်ဆဲလ် (ဘ) ဦးလာလူး (အသက် ၂၀ နှစ်) သည် အောက်တိုဘာလ (၆) ရက်နေ့တွင် ၎င်း၏ အစ်ကို ဦးမာမတ် အားယာစ် (အသက် ၃၂ နှစ်) ပိုင်ဆိုင်သည့် မှန်လုံကားဖြင့် ညနေ (၄) နာရီ အချိန်တွင် မောင်းနှင်လာနေစဉ် မြို့ပေါ် နာရီစင်အနီး အရောက်တွင် ရှေ့တွင် ကားတစ်စီး ရှိနေခြင်းကြောင့် ခဏတာ ကားကို ရပ်နား ထားခဲ့သည်။ 

ထိုအချိန်တွင် မောင်တော မြို့နယ် တရားရုံးမှ လာနေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကျဉ်းသားများ သယ်ဆောင်သည့် ကားကို လမ်းမပေးဟု ဆိုကာ အကျဉ်းသားများ သယ်ဆောင်လာသည့် ကား၏ နောက်မှ လိုက်ပါလာသော နယ်ခြာစောင့် ရဲတပ်ဖွဲ့ လုံခြုံရေးကားသည် ထိုနေရာတွင် ရပ်တန့်လိုက်ပြီး မာမတ်ဖိုက်ဆဲလ်ကို ကားထဲမှ အတင်းဆွဲထုတ်ကာ သေလုမျောပါး ဖြစ်သည့် အထိ ၀ိုင်းဝန်း ထိုးကြိတ်၍ မာမတ်ဖိုက်ဆဲလ် မောင်းနှင်လာသည့် ကားကို မြို့နယ် ရဲစခန်းသို့ အပ်နှံလိုက်ပြီး၊ မာမတ်ဖိုက်ဆဲလ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ၎င်းတို့ ကားပေါ်တင်၍ ဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ 

၎င်းကို အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၄) နာရီ အချိန်ထိ ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် (၈) သိန်း ညှစ်ယူ၍ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့ လုပ်ရပ်များကို လမ်းသွားလမ်းလာ ပြည်သူအများက တွေ့ရှိပြီး လူမဆန်သည့် လုပ်ရပ်အတွက် မြို့ပေါ်ရှိ ဒေသခံများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus