နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂေါ်ဒူသာရ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဒေသခံများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်



MYARF
RB News
21.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ ဦးကော်ဘိရ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၃၅ နှစ်) နှင့် ဦးအဒူရော်ဟိမ်း (ဘ) ဦးဇာဖောရ်ဟူစိန်း (အသက် ၅၀ နှစ်) တို့သည် ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ သရေကုန်းဘော် ရွာသစ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလှနှင့် ပူးပေါင်း၍ ရွာသားများကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ယခင် န.စ.က လက်ထက်တွင် အိမ်ထောင်ကျပြီး လက်ထပ်ခွင့် အမိန့်စာများ ပျောက်ဆုံး ဖျက်ဆီး သွားသူများကို လက်ထပ်ခွင့် မပါဘဲ အိမ်ထောင်ပြုခဲ့သည်ဟု စွပ်စွဲ၍ လည်းကောင်း၊ ရွာသား တစ်ယောက် ခရီးသွားလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခဲ့သည်ဟု စွပ်စွဲ၍ လည်းကောင်း၊ ဧည့်သည် တစ်ဦး ရောက်လာလျှင် ဧည့်စာရင်း တိုင်ကြားခြင်း မရှိဟု စွပ်စွဲ၍ လည်းကောင်း၊ အမျိုးမျိုး လုပ်ကြံပြီး ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရွာသစ်ရွာမှ ရွာသူ တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့သော ပညောင်ပင်ကြီး ကျေးရွာမှ ဦးဘေလာလ် (ဘ) ဦးအဒူဆော်တောရ်သည် ယောက္ခမ အိမ်သို့ အလည်အပတ် ရောက်ရှိနေစဉ် ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက် ခဲ့သည်ဟု ဆို၍ ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလှထံ အပ်နှံခဲ့သည်။ ထို့နောက် ဦးစောလှက ငွေကျပ် သိန်း ၂၀ တောင်းရာ ဦးဘေလာလ်က ပညောင်ပကြီး ကျေးရွာနှင့် ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ ရွာသစ်ရွာသည် ကပ်လျက် ရှိသည့် ရွာနှစ်ရွာ ဖြစ်ပြီး ဆယ်မိနစ်သာ လမ်းလျှောက်ရသဖြင့် ရွာသစ်ရွာတွင် မအိပ်ဘဲ မိမိ၏ ရွာသို့ ပြန်မည် ဖြစ်ကြောင်း ပြောဆို၍ ငွေသိန်း ၂၀ ပေးရန် ငြင်းဆန်ရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေမပေးသဖြင့် BD ပြေးဟု စွပ်စွဲ၍ ဂေါ်ဒူသာရ တံတား ကင်းစခန်းရှိ ရဲမှူး ငြိမ်းချမ်းအေးထံ အပ်နှံခဲ့သည်။ 

ရဲမှူးငြိမ်းချမ်းအေး ကလည်း ငွေကျပ် သိန်း ၂၀ တစ်ဖန် တောင်းရာ၊ ဦးဘေလာလ်က မပေးသဖြင့် အောက်တိုဘာလ လဆန်းပိုင်းတွင် ဘူသီးတောင် မြို့နယ် အကျဉ်းထောင် ခြံဝင်းထဲရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus