နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က ဒေသခံ နှစ်ဦးထံမှ လိမ်ညာ၍ ငွေညှစ်



MYARF
RB News
17.10.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ မာမတ်နူရ် (ဘ) ဦးဖော်ဇော်လ် (အသက် ၂၅ နှစ်) နှင့် ဖရုံချောင်း ကျေးရွာမှ ရှော်ဖီအုလ္လာ (ဘ) ဦးဆုလ်တာန် (အသက် ၂၂ နှစ်) တို့သည် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မလေးရှားနိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီး၊ နှစ်နှစ်ကျော် နေထိုင်ပြီးနောက် ယခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ၎င်းလူငယ် နှစ်ဦး အိမ်သို့ ရောက်လာသည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ တို့က သိရှိသွားပြီး ဖမ်းဆီးရန် ကြံစည် နေစဉ် ၎င်းလူငယ် နှစ်ဦးက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် တာဝန်ခံ ဦးဆော်လီမူလ္လာ တို့နှင့် သွားရောက် တွေ့ဆုံခဲ့သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် တာဝန်ခံ ဦးဆော်လီမူလ္လာ တို့က ၎င်းလူငယ် နှစ်ဦးကို အိမ်ထောင်စု စာရင်း ပြန်လည် တင်ပေးမည်၊ တရားဝင် နေထိုင်နိုင်အောင် ပြုလုပ် ပေးမည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်းစီ တောင်းခံခဲ့သည်။ လူငယ်နှစ်ဦးကလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပြောခဲ့သည်ကို ယုံကြည်ပြီး မာမတ်နူရ် ဆိုသူက စက်တင်ဘာလ (၁၅) ရက်နေ့တွင် ငွေကျပ် ၁၀ သိန်း၊ ရှော်ဖီအုလ္လာက အောက်တိုဘာလ (၁) ရက်နေ့တွင် ငွေကျပ် ၁၀ သိန်း ပေးခဲ့သည်။ 

အောက်တိုဘာလ (၅) ရက်နေ့တွင် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များက ၎င်းလူငယ် နှစ်ဦး၏ နေအိမ်များသို့ သွားရောက်၍ ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ လူငယ်နှစ်ဦးက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံ တို့ထံ သွားရောက်၍ တရားဝင် နေထိုင်ခွင့် ရအောင် ပြုလုပ်ပေးမည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း ပေးခဲ့ရကြောင်း၊ ယခုအခါ နယ်ခြားစောင့်ရဲ များက ဖမ်းဆီးရန် ရှာဖွေ နေသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က နယ်ခြားစောင့်ရဲများ လာရောက် ဖမ်းဆီးခြင်းမှာ ၎င်းတို့နှင့် မဆိုင်ကြောင်း ဖြေဆိုရာ၊ လူငယ်နှစ်ဦးက မဆိုင်လျှင် ငွေ ၁၀ သိန်းစီ ယူထားသည်ကို ပြန်ပေးရန်၊ ၎င်းတို့ အနေဖြင့် တစ်ဖက်နိုင်ငံသို့ သွားရောက် နေထိုင်မည်ဟု ပြောကာ ငွေပြန်တောင်းသော်လည်း အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က ငွေပြန်ပေးခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ လူငယ်နှစ်ဦးသည် နောက်ဆုံးတွင် ငွေကျပ် ၁၀ သိန်းစီ ဆုံးရှုံးပြီး၊ နယ်ခြားစောင့်ရဲများ နေ့စဉ် လိုက်လံ ရှာဖွေ နေသောကြောင့် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး သွားခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ဖရုံချောင်း ပြိုင်းတောင်မှ ဦးဟန်ဖူးရူး (ဘ) ဦးဘာသာမျာကို ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ ဦးဟန်ဖူးရူး၏ သားဖြစ်သူက အိမ်ထောင်ပြုခြင်း မရှိဘဲ မိန်းကလေး တစ်ဦးနှင့် တရားမ၀င် ပေါင်းသင်းနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း အတင်း အဓမ္မ ညှစ်ယူခဲ့သည်။ ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးဆော်လီမူလ္လာသည် ကျေးရွာသူ/သား များကို အမျိုးမျိုး လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်လျက် ရှိသော်လည်း အထက် အာဏာပိုင်များက ယခု အချိန်ထိ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus