နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်တွင် ရခိုင်လူမျိုး တစ်ဦး ပျောက်ဆုံး နေမှုကြောင့် နှစ်ဖက် နားလည်မှု လွဲမှားမှုများ ရှိနေ



RB News
13.10.2015

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ရှမ်းရွာရပ်ကွက်မှ ရခိုင်လူမျိုး တစ်ဦးသည် အောက်တိုဘာလ (၁၀) ရက်နေ့၊ စနေနေ့ ညအချိန်တွင် ၀ကင်း ကျေးရွာအုပ်စု၊ ၀င်စု (ရခိုင်) ရွာ၊ နိဒင် (ရိုဟင်ဂျာ) ရွာနှင့် နိဒင်ရွာရှိ နေပူခံ ဒုက္ခသည် စခန်းဘက်သို့ ဖားရှာရန် သွားရောက်ခဲ့သည်။ ထို့နောက် ၎င်းသည် နေအိမ်သို့ ပြန်လည် ရောက်ရှိခြင်း မရှိဟု ဆိုကာ အောက်တိုဘာလ (၁၁) ရက်နေ့ (တနင်္ဂနွေနေ့) တွင် ရခိုင်လူမျိုး အများအပြားနှင့် ကျောက်တော် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ရွာများသို့ လာရောက်၍ တစ်နေကုန် ရှာဖွေခဲ့သော်လည်း မတွေ့ရှိဘဲ ပြန်ခါနီးတွင် နေပူခံ ဒုက္ခသည် စခန်းမှ အသက် ၃၀ ကျော်အရွယ် ရိုဟင်ဂျာ လူမျိုး တစ်ဦးကို ပျောက်ဆုံးနေသည့် ရခိုင်လူမျိုး တစ်ဦးနှင့် ပတ်သက်၍ မေးမြန်းစရာ ရှိသည်ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်များက ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ရိုဟင်ဂျာ လူမျိုးကို ယင်းနေ့ ည ၇ နာရီအချိန်တွင် ပြန်လည် ပို့ဆောင် ပေးခဲ့သည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြို့ပေါ်ရှိ ရခိုင်လူမျိုးများက ပျောက်ဆုံးနေသည့် ရခိုင်လူမျိုးကို ရိုဟင်ဂျာ လူမျိုးများက သတ်ပစ်သည်ဟု လုပ်ကြံ ပြောဆိုမှုများ ရှိနေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

“တကယ်တော့ ပျောက်ဆုံးနေတဲ့ ရခိုင်က အဲဒီ ကျေးရွာ အနီးတ၀ိုက်မှာ အမြဲလိုလို လာပြီး ဖားရှာလေ့ ရှိတယ်လို့ စုံစမ်း သိရှိရတယ်။ အဲဒီနေ့က ရဲတွေက စစ်ဖို့ခေါ်သွားတဲ့ ရိုဟင်ဂျာ လူငယ်က သူကိုယ်တိုင် သူတို့ နေထိုင်တဲ့ ဒုက္ခသည် စခန်းနားမှာ တွေ့ခဲ့ပြီး အပြန်အလှန် နှုတ်ဆက်ခဲ့တယ်လို့ လာပြီး ရှာဖွေတဲ့ ရခိုင်လူမျိုးတွေကို ပြောခဲ့တာ ကြားသိရတယ်။ အဲလို နှုတ်ဆက်ခဲ့တာကလည်း သူတို့ နေပူခံ ရွာက ရှမ်းရွာရပ်ကွက်နဲ့ ကပ်လျက်ရှိနေတဲ့ မြို့သစ် ရပ်ကွက် အတွင်းမှာ တည်ရှိခဲ့တာ ဖြစ်ပြီး၊ ရှမ်းရွာရပ်ကွက်နဲ့ ခြံစည်းရိုးသာ ခြားနေခဲ့တဲ့ အတွက် လူချင်း ရင်းနှီးလို့ အပြန်အလှန် နှုတ်ဆက်ခဲ့တာ ဖြစ်နိုင်တယ်။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ဝကင်း ကျေးရွာအုပ်စုတွင် ရွာ (၆) ရွာရှိပြီး၊ တောင်ဘက် အစွန်းတွင် ဒုံရွာ၌ အိမ်ခြေ (၇၀) ကျော် ခန့်ရှိ၍ ဟိန္ဒူဘာသာဝင်များ နေထိုင်ကြသည်။ ၀ကင်းရွာတွင် အိမ်ခြေ ၄၀၀ ကျော် ရှိပြီး ရိုဟင်ဂျာရွာ ဖြစ်သည်။ ၀င်စုရွာတွင် အိမ်ခြေ ၁၀၀ ခန့်ရှိ၍ ရခိုင်ရွာ ဖြစ်သည်။ နိဒင်ရွာတွင် အိမ်ခြေ ၃၀၀ နီးပါး ရှိပြီး ရိုဟင်ဂျာရွာ ဖြစ်သည်။ ပီစိပိုက်သည်ရွာ သည်လည်း ရိုဟင်ဂျာရွာ ဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိသည်။ ပိစီရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိ၍ နေပူခံ ဒုက္ခသည် စခန်းသည် နိဒင်ရွာနှင့် ကပ်လျက် တည်ရှိသည်။ 

ရှမ်းရွာရပ်ကွက်သည် ဒုံးရွာနှင့် ကပ်လျက် တောင်ဘက်တွင် တည်ရှိပြီး၊ ရှမ်းရွာ ရပ်ကွက်နှင့် ၀ကင်းကျေးရွာ ကြားတွင် ဒုံးရွာသာ ခြားလျက် ရှိကာ ရိုဟင်ဂျာများ အတွက် လိုအပ်သည့် ပစ္စည်းများကို ရှမ်းရွာရပ်ကွက်နှင့် ၀င်စုရွာမှ ရခိုင်လူမျိုး အချို့က ၀ယ်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ပျောက်ဆုံးနေသည့် ရခိုင်လူမျိုး တစ်ဦးကြောင့် မလိုလားအပ်သည့် နားလည်မှုလွဲမှုများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ဈေးဝယ်ရန်ပင် အခက်အခဲ ဖြစ်နေသည်ဟု ၎င်းက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus