နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ဒေသခံ တစ်ဦးထံမှ ငွေညှစ်



Rohingya Eye
RB News
22.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာကိမ်း၊ ဦးဖူရ်ခါန် (ဘ) ဦးအာဘူအာမတ် (အသက် ၃၈ နှစ်) နှင့် ဦးရော်ရှိတ်အာမတ် (ဘ) ဦးအာနူမျာ (အသက် ၄၂ နှစ်) တို့၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၇) ဦးသည် ပွင့်ဖြူချောင်း ကျေးရွာမှ အာဘူဆလာမ် (ဘ) ဦးဟူဆောင်း (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ အောက်တိုဘာလ (၉) ရက်နေ့ ည ၁၂း၃၀ နာရီ အချိန်တွင် ၀င်ရောက်၍ ရှာဖွေ စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း အာဘူဆလာမ် အပါအ၀င် ၎င်း၏ မိခင်၊ ၎င်း၏ညီ ဆိုက်ဖုလ္လာ (အသက် ၁၃ နှစ်) တို့ကို လက်ထိပ်ခတ်၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့ နံနက် (၅) နာရီ အချိန်တွင် ၎င်း၏ မိခင်နှင့် ညီငယ် တို့ကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ အာဘူဆလာမ်ကို ဆက်လက် ထိန်းသိမ်း ထားခဲ့သည်။ အာဘူဆလာမ်ကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု စွပ်စွဲ၍ ညှဉ်းပန်း နှိပ်စက်ခဲ့ရာ ရင်ဘတ်တွင် ဒဏ်ရာ ရရှိခဲ့သလို၊ လက်မောင်း တစ်ဖက်တွင်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ၎င်းသည် ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်တော့၍ ငွေကျပ် လေးသိန်း နှစ်သောင်း ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့သည်။ ရရှိခဲ့သည့် ဒဏ်ရာများ အတွက် ယခု အချိန်ထိ ပြင်ပတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အာဘူဆလာမ်သည် ကျပန်း အလုပ်လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး မဟုတ်မမှန် စွပ်စွဲခံရပြီး ငွေညှစ်ခံရခြင်း အပေါ် ရွာမှ လူကြီး တစ်ဦးက “ကျွန်တော်တို့ ရွာက အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါ တွေက ရွာဖွံ့ဖြိုးရေး အတွက် အလုပ်လုပ်နေတာ မတွေ့ရဘူး၊ သူတို့က နယ်ခြားစောင့်ရဲ တွေနဲ့ ပူးပေါင်းပြီး ငွေညှစ်နေတာဘဲ လုပ်နေတာ။ ဒါကို အထက်လူကြီး တွေအနေနဲ့ သေချာ စုံစမ်းပြီး အရေးယူသင့်ပါတယ်” ဟု ပြောပါသည်။

နယ်ခြားစောင့်ရဲများ အာဘူဆလာမ်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေသည့် အချိန်တွင် ငွေကိုးသောင်းကျပ်နှင့် အ၀တ်အထည် လေးထည် ပျောက်ဆုံး သွားခဲ့သည်။ နယ်ခြားစောင့်ရဲ များက နေအိမ် ရှာဖွေပြီးနောက် မည်သည့် ပစ္စည်း တစ်စုံတစ်ရာမှ ပျောက်ဆုံးမှု မရှိဟု အာဘူဆလာမ်ကို ခံဝန် လက်မှတ် အတင်းအဓမ္မ ရေးထိုးခိုင်းခဲ့သည်။ 

နယ်ခြားစောင့်ရဲမှ ညှစ်သည့် ငွေကျပ် လေးသိန်းနှစ်သောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် ပေးခဲ့ရပြီး၊ မည်သည့် ဌာနကိုမှ တိုင်ကြားခြင်း မပြုလုပ်ရန် ခြိမ်းခြောက်၍ ခံဝန် လက်မှတ် ရေးထိုးခိုင်း ခဲ့သည်။

Comment ရေးရန်

Rohingya Exodus