လှဖိုးခေါင်မှ နယ်ခြားစောင့်ရဲ များက လမ်းသွားလမ်းလာ များကို ရိုက်နှက် ငွေညှစ်
MYARF
RB News
28.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာနှင့် လှဖိုးခေါင် ကျေးရွာ ကြားရှိ တံတားကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို မတရားသဖြင့် ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
အောက်တိုဘာလ (၂၃) ရက်နေ့တွင် နူရ်မာမတ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၁၇ နှစ်) သည် ကျောက်ပြင်ဆိပ် ကျေးရွာမှ လှဖိုးခေါင် ကျေးရွာသို့ သွားနေစဉ် နယ်ခြားစောင့်ရဲ များက ခေါ်ယူ စစ်ဆေးပြီး အပြစ် တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းအား အကြောင်းမဲ့ ရိုက်နှက်ကာ ငွေအစား ကြက်ဖ တစ်ကောင် ညှစ်ယူခဲ့သည်။
အောက်တိုဘာလ (၂၄) ရက်နေ့တွင်လည်း ကျောက်ပြင်ဆိပ်ရွာမှ အဒူလ္လာ (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၁၂ နှစ်) နှင့် အာယာစ် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၁၂ နှစ်) တို့သည် ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားစဉ် နယ်ခြားစောင့်ရဲ များက စခန်းထဲသို့ ခေါ်သွင်းကာ စစ်ဆေး ရိုက်နှက်၍ ငွေအစား ဆေးလိပ် နှစ်ဘူး ညှစ်ယူခဲ့သည်။ အဆိုပါ နယ်ခြားစောင့်ရဲများသည် ထိုကဲ့သို့ နေ့စဉ် နေ့တိုင်း ဒေသခံများကို ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။