နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်း လူစိမ်းနှစ်ဦးက ဆိုင်ကယ် (၇) စီး ခိုးယူ၊ လုယက်



Rohingya Eye
RB News
5.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျေးရွာများတွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာများသည် လုံခြုံရေးကို အထူးသတိထား၍ သွားလာနေရသည်ဟု ဆိုသည်။ မောင်တောမြို့တွင် မည်သည့် အခါကမှ မမြင်ဖူးသည့် လူစိမ်းနှစ်ဦးက နယ်ခြားစောင့်ရဲ ယူနီဖောင်းများ ၀တ်ဆင်ကာ နယ်ခြားစောင့်ရဲ ပုံစံဖြင့် လမ်းသွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေး မေးမြန်း၍ ရိုက်နှက်ပြီး၊ ဆိုင်ကယ်စီး သွားလာသူများ ထံမှ ဆိုင်ကယ်များ ယူဆောင်သွား၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စစ်ဆေးခံပြီး ဆိုင်ကယ်ယူသွားရန် ပြောဆိုသော်လည်း ၎င်းတို့ ပြောဆိုသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် စုံစမ်းလျှင် ၎င်းတို့ နှစ်ဦးကို တွေ့ရှိခြင်း မရှိသလို၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှလည်း ၎င်းတို့နှစ်ဦးကို မသိရှိကြောင်း ပြောဆိုသဖြင့် ဆိုင်ကယ်များလည်း ဆုံးရှုံး၊ တရားမျှတသည့် ဖြေရှင်းချက်လည်း မရှိသည့် ဖြစ်ရပ်များကြောင့် ဆိုင်ကယ်စီးသူများ အခက်ကြုံနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၂၅) ရက်နေ့တွင် ပွင့်ဖြူချောင်း ကျေးရွာမှ ဦးမာမူရော်ရှိတ် (ဘ) ဦးဟာရှိမ်း (အသက် ၃၅ နှစ်) သည် ကြက်ရိုးပြင် ကျေးရွာမှ နေအိမ်သို့ ပြန်နေစဉ် အဆိုပါ နယ်ခြားစောင့်ရဲ အယောင်ဆောင် လူစိမ်းနှစ်ဦးသည် ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာခဲ့သည်။ ဦးမာမူရော်ရှိတ်သည် ၎င်းအိမ်သို့ ရောက်သည့်အခါ ဆိုင်ကယ်ကို အိမ်အပြင်တွင် ထား၍ အိမ်ထဲသို့ ၀င်သွားခဲ့သည်။ ဆိုင်ကယ်ဖြင့် လိုက်လာသည့် လူစိမ်းနှစ်ဦးက ဦးမာမူရော်ရှိတ်၏ ဆိုင်ကယ်ကို ခိုးယူသွားရာ၊ ခိုးယူခံရသူက နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ သွားရောက် တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ရရှိခြင်း မရှိဟု ဆိုသည်။

သြဂုတ်လ (၂၃) ရက်နေ့တွင် ကြိမ်ချောင်း ကျေးရွာမှ ဦးနူရ်ဆလာမ် (ဘ) ဦးဖူတူယား (အသက် ၃၂ နှစ်) သည် မောင်တော မြို့ပေါ်သို့ ပစ္စည်းများ ၀ယ်ယူရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် ကျီးကန်းပြင် ကျေးရွာ သီဟိုဠ် သရက်ခြံ အနီးသို့ ရောက်သည်နှင့် အဆိုပါ လူစိမ်းနှစ်ဦးက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီးနောက် ဦးနူရ်ဆလာမ်ကို လူမဆန်စွာ ရိုက်နှက်ရာ ထိုနေရာတွင်ပင် သတိလစ်၍ လဲကျသွားခဲ့သည်။ ဦးနူရ်ဆလာမ် သတိလစ်သွားသည့် အခါ လူစိမ်း နှစ်ဦးက ဆိုင်ကယ်ကို ယူဆောင် သွားခဲ့သည်။ 

အဆိုပါ လူစိမ်းနှစ်ဦးစလုံးသည် အသားအရောင် မဲသူများဖြစ်ပြီး၊ ရခိုင်စကညား ပြောဆိုသူများ ဖြစ်သည်။ ၎င်းတို့သည် ထိုကဲ့သို့ အကြမ်းဖက်၍ ဆိုင်ကယ် (၇) စီး ယူဆောင် သွားခဲ့ပြီး၊ ဆိုင်ကယ်ခိုးခံရသူ၊ လုယက်ခံရသူ များက သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း စုံစမ်း စစ်ဆေးမှု မရှိသဖြင့် ဒေသခံများက ၎င်းတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ အထူးစိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus