နောက်ဆုံးသတင်း/ဆောင်းပါးများ

ကောလဟလ များကြောင့် မောင်တော ဒေသခံ ရိုဟင်ဂျာများကို အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်



MYARF
RB News
7.11.2015

မောင်တော ။ ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများဘက်မှ လွှတ်တော် ကိုယ်စားလှယ်များ ၀င်ရောက် ယှဉ်ပြိုင်ခွင့်နှင့် မဲပေးပိုင်ခွင့် မရသဖြင့် ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်များကို နည်းမျိုးစုံဖြင့် နှောက်ယှက် ဖျက်ဆီးလိမ့်မည်ဟု ရခိုင်အစွန်းရောက်များက ကောလဟလ သတင်းများ လွှင့်လျက် ရှိသည်။ 

အဆိုပါ ကောလဟလ သတင်းများကြောင့် မောင်တော ခရိုင် အာဏာပိုင်များက ဒေသခံ ရိုဟင်ဂျာများကို အမျိုးမျိုး ဖိနှိပ် ချုပ်ချယ် လာသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ မောင်တော မြို့ပေါ် ရပ်ကွက်များတွင် စနေနှင့် တနင်္ဂနွေနေ့များ ဆိုလျှင် ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားများက လက်နက် ရှာဖွေနေသည်ဟု ဆိုကာ အိမ်များသို့ ၀င်ရောက် စစ်ဆေးခြင်း၊ ညပိုင်းဆိုလျှင် ရဲများ ရွာထဲသို့ ၀င်ရောက်၍ ဧည့်စာရင်း စစ်ဆေးသည်ဟု ဆိုကာ အိမ်များသို့ ၀င်ရောက် စစ်ဆေး၍ မတရားသဖြင့် ငွေညှစ်ခြင်း၊ မတရားသဖြင့် ဖမ်းဆီး ငွေညှစ်ခြင်း၊ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို မတရားသဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ 

နယ်ပိုင်းတွင် နယ်ခြားစောင့်ရဲ များက ညပိုင်း၌ ရိုဟင်ဂျာများ၏ အိမ်များထဲသို့ ၀င်ရောက် စစ်ဆေးခြင်း၊ မတရားသဖြင့် ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်း၊ အချို့သောသူများကို RSO နှင့် ဆက်နွယ်မှု ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးရန် ရှာဖွေခြင်းများ ပြုလုပ်လျက် ရှိသည်။ နေ၀င်သည်နှင့် နယ်ခြားစောင့်ရဲများ ရွာထဲသို့ ၀င်ရောက်၍ ၎င်းတို့၏ မျက်စိရှေ့တွင် တွေ့သူများကို စစ်ဆေး ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ညမထွက်ရ အမိန့်မှ ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်သော်လည်း နိုဝင်ဘာလဆန်းပိုင်းမှ စ၍ ည ၈ နာရီမှ နံနက် ၅ နာရီထိ ပြောင်းလဲ၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာလ (၄) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဗလီ ရှေ့ဆောင် မော်လ၀ီများ၏ ကိုယ်ရေး ရာဇ၀င်နှင့် ပတ်စ်ပို့ ဓါတ်ပုံ တစ်ပုံစီကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ပေးရန် အမိန့် ထုတ်ပြန်ခဲ့သည်။ 

ယခုဆိုလျှင် မောင်တော မြို့ပေါ် ရပ်ကွက်များတွင် ရဲများက ကားများဖြင့် လက်နက် အပြည့်တပ်ဆင်၍ လှည့်လည်လျက် ရှိသည်။ စစ်သားအင်အားများ တိုးမြှင့်၍ ချထားပြီး၊ စစ်ဆေးရေး ဂိတ်များတွင်လည်း နယ်ခြားစောင့်ရဲများက ဒေသခံ ရိုဟင်ဂျာများကို ယခင်ကထက် ပိုမို တင်းကျပ်စွာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus