နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေသခံတစ်ဦး ထံမှ ဆိုင်ကယ် ငှားရမ်းသွားသည့် နယ်ခြားစောင့်ရဲ နှစ်ဦး ပျောက်ဆုံးနေ



MYARF
RB News
6.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးမာမတ်ဂျူဟာရ် (ဘ) ဦးနာဂူးသည် နိုဝင်ဘာလ (၁) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် ဆိုင်ကယ်စီး၍ ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင်း ကျေးရွာကြား တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (လှဖိုးခေါင် စခန်း) ရှေ့မှ ဖြတ်သန်း သွားနေစဉ် စခန်းထဲမှ ယူနီးဖောင်း ၀တ်ဆင်ထားသည် နယ်ခြားစောင့်ရဲ နှစ်ဦး ထွက်လာကာ ဦးမာမတ်ဂျူဟာရ်ကို ဆိုင်ကယ် ရပ်တန့်ခိုင်းပြီး၊ ကျောက်လှေကား ကျေးရွာရှိ နယ်မြေ စခန်းသို့ သွားလို၍ ဆိုင်ကယ် ခဏပေးရန်နှင့် မကြာခင် ပြန်လာမည်၊ ဤနေရာတွင်ပင် ထိုင်စောင့်နေဟု ဆိုကာ ၎င်းအား စခန်းရှေ့တွင် စောင့်ခိုင်းကာ နယ်ခြားစောင့်ရဲ နှစ်ဦးက ဆိုင်ကယ် ယူ၍ ထွက်သွားခဲ့သည်။

အဆိုပါ နယ်ခြားစောင့်ရဲ နှစ်ဦးသည် ညနေ နေ၀င်ချိန် အထိ ပြန်မလာသဖြင့် ဦးမာမတ်ဂျူဟာရ်က မိမိ၏ နေအိမ်သို့ ပြန်သွားခဲ့သည်။ နိုဝင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းတွင် စခန်းသို့ သွားရောက်၍ ဆိုင်ကယ်ယူသွားသော နယ်ခြားစောင့်ရဲ နှစ်ဦး ပြန်ရောက်ပြီလားဟု စခန်းတာဝန်ခံအား မေးမြန်းရာ တာဝန်ခံက ပြန်မရောက်သေးဟု ဖြေကြားခဲ့သည်။ ထိုသို့ လေးရက်တိုင်တိုင် သွားရောက် မေးမြန်းခဲ့သော်လည်း စခန်းတာဝန်ခံက ပြန်မရောက်သေးဟုသာ ဖြေကြားခဲ့သည်။ 

နိုဝင်ဘာလ (၅) ရက်နေ့တွင် ကျောက်လှေကားရှိ နယ်မြေ (၆) စခန်းသို့ သွားရောက်ပြီး နယ်မြေမှူး ရဲမှူးအား တိုင်တန်းခဲ့သော်လည်း မည်သို့မျှ စီစစ်ခြင်း မရှိဘဲ အဆိုပါ နယ်ခြားစောင့်ရဲ နှစ်ဦး ယခုအချိန်ထိ ပျောက်ဆုံးနေပြီး စခန်းသို့ ရောက်မလာသေးဟုသာ ဖြေကြားခဲ့သည်။ 

ခဏတာ အတွက် ငှားရမ်းခဲ့သည့် ဆိုင်ကယ်ကို ပိုင်ရှင် ဖြစ်သူ ဦးမာမတ်ဂျူဟာရ်က ယခုအချိန်ထိ ပြန်မရသေးကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus