နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဖုရားပြင်အောင်ပ အုပ်ချုပ်ရေးမှူးက ဒေသခံများ ထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်



MYARF
RB News
29.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာ၊ အကွက် (၁) ကင်းရုံတွင် နိုဝင်ဘာလ (၁၄) ရက်နေ့ညတွင် လူငယ် လေးဦး ကင်းစောင့်ရင်း အိပ်ပျော်သွားခဲ့သည်။ ထိုအချိန်တွင် အကွက် (၁) မှ ရာအိမ်မှူး ဦးဘာဆာမျာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဦးမူဟိဖ်ဘူလ္လာ (ဘ) ဦးဆောယာဒ်ကာဆိမ်း တို့ရောက်ရှိလာပြီး ကင်းစောင့်နေသူ ၄ ဦးလုံး အိပ်ပျော်နေသည်ကို တွေ့သောအခါ မနိုးဘဲ၊ MPT ဖုန်းတစ်လုံးကို ခိုးယူကာ၊ ကင်းသမားများ အိပ်ပျော်နေစဉ် ခိုးယူလာခဲ့သည်ဟု ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ချမ်းသာ အား အပ်နှံခဲ့သည်။ 

ကင်းသမားများ နိုးလာသည့် အခါ ဖုန်းရှာမတွေ့သောကြောင့် ဖုန်းခိုးယူသွားသူနှင့် စကားပြောရန် အခြားဖုန်းများဖြင့် အခိုးခံရသည့် နံပါတ်ကို အကြိမ်ကြိမ် ခေါ်ဆိုသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ ထိုသို့ သုံးရက်တိတိ ခေါ်ဆိုခဲ့သည်။ လေးရက်မြောက်နေ့ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် တစ်ဖန် ခေါ်ဆိုကြည့်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဖုန်းကိုင်၍ ဖြေဆိုခဲ့သည်။ ဖုန်းဆက်သည့် လူငယ်ကလည်း အုပ်ချုပ်ရေးမှူး၏ အသံကို သိ၍ တစ်စုံတစ်ရာ မပြောတော့ဘဲ ဖုန်းချခဲ့သည်။ 

ထို့နောက် အုပ်ချုပ်ရေးမှူးက ရာအိမ်မှူး ဦးဘာဆာမျာနှင့် ၎င်း၏ တပည့် ဦးမူဟိဖ်ဘူလ္လာ တို့ကို ခေါ်၍ ကင်းသမားများ၏ အမည်များကို မေးမြန်း၍ ၎င်းအား ဖုန်းဆက်၍ ဆဲဆိုခဲ့သည်ဟု လုပ်ကြံကာ ကင်းသမား လေးဦးကို ခေါ်လာခိုင်းခဲ့သည်။ ကင်းသမားများ ရောက်လာသည်နှင့် အုပ်ချုပ်ရေးမှူးက “ဘာကြောင့် ငါ့ကို ဖုန်းဆက်ပြီး ဆဲရတာလဲ၊ မင်းတို့ ဘာကောင်တွေလဲ၊ မင်းတို့က ကုလားတွေဘဲ” ဟု ဆဲဆို ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့သည်။ ဖုန်းကိုလည်း ပိုင်ရှင်ထံ ပြန်မပေးဘဲ သိမ်းဆည်းခဲ့သည်။ 

ငွေညှစ်ခံရသည့် ကင်းသမား လေးဦးမှာ --

(၁) အဒူလ္လာ (ဘ) ဦးအစ္စမိုင်လ် - ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၂) အာရ်ရှောတ် (ဘ) ဦးတာဟဲရ် - ငွေအစား ၀ါးလုံး ၂၀၀ (ကာလတန်ဖိုး လေးသောင်းကျပ်)
(၃) ဇူဘိုင်ရ် (ဘ) ဦးအီနုစ် - ညှစ်ခံရသည့် ငွေကျပ် သုံးသောင်း
(၄) ရော်ဖိတ် (ဘ) ဦးအဒူလ္လာ - ညှစ်ခံရသည့် ငွေကျပ် တစ်သောင်း ငါးထောင် -- တို့ဖြစ်သည်။ 

နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ဖုရားပြင်အောင်ပ ကျေးရွာ အုပ်စု၊ အကွက် (၂) မှ ဦးအဒူဂေါ်နီ (ဘ) ဦးဟိုင်ဘူလ္လာသည် ဆိုင်ကယ်စီး၍ သွားနေစဉ် ယင်းအကွက်မှ ဦးအာယုဖ်၏ အသက် (၇) နှစ် အရွယ် သမီးငယ်ကို ၀င်တိုက်မိရာ ကလေးငယ်၏ ဦးခေါင်း၌ ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။ ဦးအဒူဂေါ်နီက ကလေးငယ်ကို ဆေးကုသ ပေးခဲ့၍ ကလေးငယ်၏ ဖခင် ဦးအာယုဖ်နှင့် ပြေလည် သွားခဲ့သည်။ 

ည (၈) နာရီခန့် အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက ဦးအဒူဂေါ်နီအား ခေါ်၍ ကလေးငယ်အား ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သောကြောင့် ငါ့အား ငွေပေးရမည်၊ မဟုတ်လျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ ထိုကဲ့သို့ အကြောင်း အမျိုးမျိုး ဖန်တီးပြီး ရွာသားများ ထံမှ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ အုပ်ချုပ်ရေးမှူး၏ ငွေညှစ်မှုများကို ရွာသားများက ဝေဖန် ပြောဆိုသော အခါ အုပ်ချုပ်ရေးမှူးက ၂၀၁၆ တွင် NLD ဦးဆောင်မည့် အစိုးရသစ် လက်ထက်တွင် ယခုကဲ့သို့ အခွင့်အရေး ရမည် မဟုတ်သောကြောင့် ယခု ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်တွင် ကျန်ရှိသော အချိန်တိုအတွင်း ရရာ နည်းလမ်းများဖြင့် ငွေရှာယူမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus