နောက်ဆုံးသတင်း/ဆောင်းပါးများ

မော်လ၀ီ နှစ်ပါးကို ဖမ်းဆီး၍ တစ်ဦးကို ငွေညှစ်၍ ပြန်လွှတ်၊ တစ်ဦးကို ဆက်လက် ဖမ်းဆီးထား



MYARF
RB News
18.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု၊ အရှေ့ရွာမှ မော်လ၀ီ ဆော်ယဒ်ဆော်လာမ် (ဘ) ဦးမာမတ်ဆော်လာမ်နှင့် မော်လ၀ီ ဂျာဖောရ်ဟူစိန်း (ဘ) ဦးအီဆုဖ် တို့သည် နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ဆိုင်ကယ် တစ်စီးဖြင့် မောင်တောမြို့သို့ သွားနေစဉ် ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင်း ကျေးရွာကြား တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (လှဖိုးခေါင် စခန်း) ရှေ့သို့ ရောက်သောအခါ နယ်ခြားစောင့်ရဲ များက စစ်ဆေးမည်ဟု ဆိုကာ မော်လ၀ီနှစ်ပါးကို ရပ်တန့်ခိုင်းပြီး ဆိုင်ကယ်ကို စခန်း ဂိတ်ဝတွင် ထား၍ မော်လ၀ီနှစ်ပါးကို စခန်းထဲသို့ ခေါ်သွင်းခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲ တစ်ဦး ထွက်လာပြီး ဆိုင်ကယ်ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် (Grameen) တစ်ကဒ် ထည့်သွင်းခဲ့သည်။ မော်လ၀ီနှစ်ပါးကို စခန်းထဲတွင် အ၀တ်များပင် ချွတ်ခိုင်း၍ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် မော်လ၀ီ ဂျာဖောရ်ဟူစိန်း၏ အင်္ကျီထဲသို့ နယ်ခြားစောင့်ရဲ တစ်ဦးက ဘင်္ဂလား ဆင်းမ်ကဒ် (Grameen) တစ်ကဒ် ထည့်သွင်းပေးကာ ၎င်းကို ဖမ်းဆီးလိုက်သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် ဘင်္ဂလား ဆင်းမ်ကဒ် နှစ်ကဒ် တွေ့ရှိသည့် အတွက် တစ်ကဒ်လျှင် ငွေကျပ် ၃ သိန်းစီ ပေးရမည်ဟု တောင်းကြရာ ၎င်းတို့က ငွေကျပ် ၃ သိန်းသာ ပေးရန် သဘောတူသဖြင့် နယ်ခြားစောင့်ရဲ များက မကျေနပ်၍ နံနက် ၁၀း၃၀ နာရီ အချိန်တွင် နယ်မြေ (၆) (ကျောက်လှေကား စခန်း) ရှိ ရဲမှူးထံ ပို့လိုက်သည်။ 

ယင်းစခန်းတွင်လည်း မော်လ၀ီ နှစ်ပါးကို ထပ်မံ၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ရဲမှူးက မော်လ၀ီ ဆော်ယဒ်ဆော်လာမ် ထံမှ ငွေကျပ် ၆ သိန်း ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း မော်လ၀ီ ဂျာဖောရ်ဟူစိန်းကိုမူ ဘင်္ဂလား ဆင်းမ်ကဒ် မိသဖြင့် အမှုဖွင့် အရေးယူသွားမည်ဟု ဆိုကာ ချုပ်နှောင် ထားခဲ့သည်။ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် မောင်တော တရားရုံးသို့ ပို့ပြီး ရမန်ရယူပြီး မောင်တော ရဲစခန်းရှိ အချုပ်ခန်းတွင် ဆက်လက် ချုပ်နှောင် ထားသည်။ တရားရုံး တင်ချိန်တွင် ၎င်း၏ မိသားစုက တွေ့ဆုံခွင့် တောင်းသော်လည်း လုံးဝ တွေ့ဆုံခွင့် မပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus