နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တို့၏ ဓါတ်ပုံများ ဖုန်းထဲ သိမ်းထားသူ နှစ်ဦး ငွေညှစ်ခံရ



MYARF
RB News
25.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၂) အပိုင်၊ ငါးရန့်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး၏ ကိုယ်ရံတော် ဖြစ်သူ တပ်သား နေလင်းအောင်သည် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ခွင့်ယူပြီး ဇာတိရွာ ဖြစ်သော တမန်းသား ကျေးရွာသို့ ခေတ္တခဏ အလည်အပတ် ရောက်ရှိလာခဲ့သည်။ ၎င်း၏ အလည်အပတ် ခရီးမှာ စခန်း၏ တာဝန်အရ တပ်ဖွဲ့ဝင် အဖြစ် လာရောက်ခြင်း မဟုတ်သော်လည်း၊ ရေနောက်ငါးသား - အရှေ့ရွာမှ ဦးချစ်ဖား (ဘ) ဦးအီဆက်၏ MPT ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်းကို စစ်ဆေးခဲ့ရာ၊ ဖုန်းထဲတွင် သမ္မတ ဦးသိန်းစိန်၏ ဓါတ်ပုံကို တွေ့ရှိပြီး “မင်းတို့က နိုင်ငံတော် အကြီးအကဲ တွေရဲ့ ပုံယူဆောင် ထားခွင့်မရှိ” ဟု ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်၊ မြို့မ ရဲစခန်းမှ နယ်ထိန်း အဖွဲ့ ရဲတပ်ဖွဲ့ ငါးဦးသည် ဘဂုံးနားကျေးရွာ ခွဆုံသို့ သွားရောက်ပြီး ခွဆုံရှိ ဈေးသည်များနှင့် လမ်းသွားလမ်းလာ များ၏ ဖုန်းများကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ဈေးသည် တစ်ဦး ဖြစ်သူ အာဇီဇ် (ဘ) ဦးနာဇိရ်ဟူစိန်း၏ ဖုန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို တွေ့ရှိခဲ့ရာ - ရဲက “ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အကြီးအကဲ မဟုတ်ဘူး၊ အနောက်နိုင်ငံများရဲ့ သြဇာခံ တစ်ယောက်သာ ဖြစ်တယ်။ ဘာကြောင့် သူ့ရဲ့ ဓါတ်ပုံတွေ ဖုန်းထဲမှာ သိမ်းထားရတာလဲ၊ အဲလို ထားခြင်းက နိုင်ငံတော် သမ္မတကို စော်ကားရာ ရောက်တယ်” ဟု ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။

Comment ရေးရန်

Rohingya Exodus