နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း စခန်းမှူးက ဒေသခံများ ထံမှ မတရား ငွေညှစ်၊ ဖမ်းဆီးခံ တစ်ဦး ပျောက်ဆုံးနေ



MYARF
RB News
18.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်တင်ထွန်းဦးနှင့် အဖွဲ့သည် နိုဝင်ဘာလ (၁၁) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် သိမ်တောင်ပြင် ကျေးရွာ (ကီးတာရီဘိလ်) သို့သွားရောက်၍ လွှသမား (သစ်ခွဲသမား) ခေါင်းဆောင် ဦးဒီလူး (အသက် ၃၅ နှစ်) ကို နေအိမ်မှ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဈေးဆိုင်ရောင်းသူ ဦးအေနာယဒ်အုလ္လာ (ဘ) ဦးအိုလာမျာ၏ နေအိမ်သို့ သွားရောက်ပြီး ၎င်းကိုလည်း ဖမ်းဆီးကာ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ရောက်သည်နှင့် ဖမ်းဆီးခံထားရသူ များကို နယ်ခြားစောင့်ရဲ များက ၀ိုင်း၍ ထိုးကြိတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို တစ်ညလုံး ချုပ်နှောင်ထားပြီး နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စခန်းမှူး ရဲအုပ်တင်ထွန်းဦးက ဦးဒီလူးက ၂၀၁၄ ခုနှစ်တွင် အဖွဲ့သားများနှင့် သစ်ခွဲနေစဉ် သစ်တုံးပိ၍ အဖွဲ့သား တစ်ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိကြောင်း၊ သို့ဖြစ်၍ လူသတ်မှုနှင့် တရားဆွဲခံရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးအေနာယဒ်အုလ္လာကိုမူ မလေးရှားနိုင်ငံရှိ ညီဖြစ်သူက ငွေများများပို့ကြောင်း၊ ယင်းငွေများနှင့် ကျေးရွာတွင် ဆိုင်ဖွင့် ရောင်းစားနေသည်၊ သို့ဖြစ်၍ စခန်းမှူးအား ငွေကျပ် ၅ သိန်း ပေးရမည်၊ ငွေမပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ ထိုးကြိတ်မှုကြောင့် ဦးအေနာယဒ်အုလ္လာမှာ အိပ်ရာမှပင် မထနိုင်တော့သည့် အနေအထား ဖြစ်နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် ရဲအုပ်တင်ထွန်းဦးနှင့် အဖွဲ့သည် သိမ်တောင်ပြင် ကျေးရွာသို့ တစ်ဖန် သွားရောက်၍ အာဘူလ်ဟာရှိမ် (ဘ) ဦးဂူလာမ်ကာဒိရ် (အသက် ၂၈ နှစ်) ကို ၎င်း၏ နေအိမ်မှ ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ညနေ နေ၀င်ချိန်ခန့်တွင် အာဘူလ်ဟာရှိမ်၏ မိခင်က သားအတွက် ညစာပို့ရန် ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်ခဲ့ရာ ကင်းစောင့် နယ်ခြားစောင့်ရဲက ယင်းစခန်းတွင် မရှိကြောင်း ပြောသဖြင့်၊ မိခင်ဖြစ်သူက မည်သည့် စခန်းသို့ ပြောင်းရွှေ့ထားသနည်းဟု ထပ်မံ မေးမြန်းရာ နယ်ခြားစောင့်ရဲက မသိရှိကြောင်း ဖြေကြားခဲ့သည်။ 

သားဖြစ်သူ၏ နောက်ဆက်တွဲ သတင်းကို မရရှိသော မိခင်မှာ သားအတွက် ပူပန်နေရသည်။ ထိုသို့ မဟုတ်မမှန် လုပ်ကြံ ငွေညှစ်ရခြင်းမှာ ယင်းကျေးရွာမှ ဦးရော်ရှိတ်အာမတ် (ဘ) ဦးမာတုလ်ဟူစိန်း၏ လုပ်ကြံ သတင်းများကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ဦးရော်ရှိတ်အာမတ်ကို ရဲအုပ်တင်ထွန်းဦးက ၎င်း၏ သတင်းပေး အဖြစ် ထားရှိပြီး၊ ဦးရော်ရှိတ်အာမတ်က ရဲအုပ်တင်ထွန်းဦးအား ငွေရှာပေးသူ ဖြစ်သဖြင့် သတင်းပို့နိုင်ရန် ဘင်္ဂလားဖုန်း တစ်လုံး ပေးထားသည်။ ယင်းဖုန်းနှင့် ရဲအုပ်ကို အမြဲဆက်သွယ်ကာ လုပ်ကြံ သတင်းများ ပို့လေ့ ရှိသည်။ ဦးရော်ရှိတ်အာမတ်က ယခုကဲ့သို့ မဟုတ်မမှန် သတင်းများ ပို့ခြင်းကို ဆက်လက် ပြုလုပ်နေပါက ရွာသားများနှင့် ပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်လာနိုင်သည်ဟု ရွာသားများက ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus