သက်ကိုင်ညာ ကျေးရွာမှ ရိုဟင်ဂျာများ ရွေးကောက်ပွဲ အတွက် ၀ါးနှင့် ကြက်များ ပေးရ
MYARF
RB News
7.11.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သက်ကိုင်ညာ ကျေးရွာအုပ်စု သက်ရွာတွင် မဲရုံ ဆောက်လုပ်ရန် ဒေသခံ ရိုဟင်ဂျာများ ထံမှ ၀ါးနှင့် လုံခြုံရေး တာဝန်ကျ ရဲများအတွက် ကြက်များ ကောက်ခံခဲ့ကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ (၆) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ သက်ကိုင်ညာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က ကျေးရွာ အုပ်စုအတွင်းရှိ ရိုဟင်ဂျာရွာ များမှာ ဆယ်အိမ်မှူး (၈) ဦးကို ဆင့်ခေါ်၍ မဲရုံ ဆောက်လုပ်ရန် အတွက် ဆယ်အိမ်စု တစ်စုလျှင် ၀ါး ၂၀ လုံးစီ ပေးရမည်ဟု ဆိုကာ ဆယ်အိမ်စု တစ်စုလျှင် ၀ါး ၂၀ လုံးစီနှင့် ဆယ်အိမ်စု (၈) စုမှ ၀ါး (၁၆၀) လုံး အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က ရွေးကောက်ပွဲ အတွက် လုံခြုံရေး တာဝန်ကျသော ရဲတပ်ဖွဲ့ဝင် များအား ကျွေးမွေးရန် အတွက်ဟု ဆိုကာ ဆယ်အိမ်မှူး (၈) ဦးထံမှ ကြက်ဖ (၈) ကောင် အတင်းအဓမ္မ တောင်းယူခဲ့သည်။