နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံများ ထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်



Rohingya Eye
RB News
1.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် ကျေးရွာသား များကို မညှာမတာ ဆက်ဆံခြင်း၊ ရက်စက်ခြင်း၊ ငွေညှစ်ခြင်းများ ဆက်တိုက် ကျူးလွန် လျက်ရှိသည်။ လွန်ခဲ့သည့် စက်တင်ဘာလက အလယ်သံကျော် ကျေးရွာအုပ်စု၊ မဒီနာရွာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ဆောက်လုပ်ရန် အကြောင်းပြကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာက ရပ်မိရပ်ဖမှ တဆင့် အလှူငွေများ ကောက်ခံခဲ့ရာ ကညင်တန်းရွာ၊ ဒိုဒန်းရွာနှင့် မဒီနာရွာ (၃) ရွာမှ ငွေကျပ် ၂၅ သိန်း ကောက်ခံခဲ့သော်လည်း၊ ကင်းစခန်းကို ယခု အချိန်ထိ ဆောက်လုပ်ခြင်း မရှိသေးဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ကောက်ခံထားသည့် အလှူငွေများကို အလှူရှင်များ ထံသို့ ပြန်လည် အပ်နှံခြင်း မရှိဘဲ၊ အဆိုပါ အုပ်ချုပ်ရေးမှူးက ၎င်း၏ ကိုယ်ကျိုးအတွက် သုံးစွဲလျက် ရှိသည်ဟု ဆိုသည်။ 

အုပ်ချုပ်ရေးမှူး ထံမှ လက်ထပ်ခွင့် ထောက်ခံစာယူလျှင် ငွေကျပ် နှစ်သိန်း တောင်းခံမှုကြောင့် ငွေကြေး မတတ်နိုင်သော မိန်းကလေး ၅၀ နီးပါး လက်ထပ်၍ မရဖြစ်နေသည်ဟု ရွာသား တစ်ဦးက ပြောပါသည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့ ည (၈) နာရီ အချိန်တွင် ကညင်တန်းရွာမှ မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူဆလာမ် (အသက် ၁၄ နှစ်) နှင့် ရှာဟဲတ်အုလ္လာ (ဘ) ဦးအဒူရာမန် (အသက် ၂၁ နှစ်) တို့သည် မိသားစု ကိစ္စ တစ်ခုကြောင့် စကားများခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာက သိရှိသွားပြီး အဆိုပါ လူငယ်နှစ်ဦးကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ ၎င်းတို့နှစ်ဦးကို ရိုက်နှက်၍ ထိပ်ထုံးခတ်ထား ခဲ့သည်။ နောက်ဆုံးတွင် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အပ်နှံမည်ဟု ခြိမ်းခြောက် ပြောဆိုကာ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် မိမိ၏ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ ရွာသားများအား မလျော်မကန် သြဇာသုံးခြင်း၊ လာဘ်စားခြင်း၊ ငွေညှစ်ခြင်းများကို လူမိုက်သဖွယ် နေ့စဉ် ဆက်တိုက် ကျူးလွန် နေသည်ကို အထက် အာဏာပိုင်များက အရေးယူခြင်း မရှိသည်ကို နားလည်ရခက် နေသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus