နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆေးအိုးကျ ကျေးရွာ တာဝန်ခံက မုန်တိုင်းသင့်များ ရသည့် ရိက္ခာနှင့် ကျောင်းငွေများ အလွဲသုံးစား ပြုလုပ်



MYARF
RB News
13.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဇူလိုင်လတွင် တိုက်ခတ်ခဲ့သော ကိုမန် ဆိုက်ကလုံး မုန်တိုင်းသင့် ပြည်သူများကို WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှ ဆန်များ ထောက်ပံ့လျက် ရှိသည်။ အထောက်အပံ့ ရရှိသည့် ရွာများထဲတွင် ဘူးသီးတောင် မြို့နယ်မှ ဆေးအိုးကျ ကျေးရွာလည်း အပါအ၀င် ဖြစ်သည်။ လစဉ် လူတစ်ဦးလျှင် ဆန် (၇) ပြည်စီ ထောက်ပံ့လျက် ရှိသည်။ အဆိုပါ အထောက်အပံ့များမှ တစ်ဝက်ကို ဆေးအိုးကျ ကျေးရွာ တာဝန်ခံ ဦးနူရ်ဟူစိန်း (ဘ) ဦးအဒူရော်ကိမ်းက အလွဲသုံးစား ပြုလုပ်လျက် ရှိသည်။ 

ဆေးအိုးကျ ကျေးရွာရှိ မူလတန်းလွန် ကျောင်းတွင် အစိုးရခန့် ဆရာ/မ (၁၂) ယောက်နှင့် ကျောင်းအထွေထွေ လုပ်သား တစ်ဦး ရှိသည်။ ဆရာ/မ အားလုံးသည် ရခိုင်လူမျိုးများ ဖြစ်ကြသည်။ ကျောင်းအုပ်ကြီးမှာ ဒေါ်နိုင်နိုင်ဌေး ဖြစ်ပြီး၊ ကျောင်းသား ၇၀၀ ကျော် ရှိသည်။ ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ/မ တစ်ဦးမှ ကျောင်းသို့ လာရောက် စာသင်ပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ကျောင်းအထွေထွေ လုပ်သားနှင့် ရွာခန့် ဆရာ (၄) ဦးကသာ စာသင်ပေးနေရသည်။ ဆရာ/မ များက ၎င်းတို့ ကိုယ်စား ရွာခန့်ဆရာများ ခန့်၍ စာသင်ပြနိုင်ရန် အတွက်ဟု ဆိုကာ လစဉ် ဆရာ/မ တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီ - စုစုပေါင်း ငွေကျပ် သုံးသိန်း ခြောက်သောင်းကို ကျောင်းအထွေထွေ လုပ်သား ဦးရှော်ရိဖ်ဟူစိန်းအား ပေးသည်။ ဦးရှော်ရိဖ်ဟူစိန်းက ထိုငွေ သုံးသိန်းခြောက်သောင်းမှ ရွာခန့် ဆရာတစ်ဦးလျှင် လစဉ် ငွေကျပ် နှစ်သောင်းစီ - စုစုပေါင်း ရှစ်သောင်းကျပ် ပေးပြီး ကျန်သည့် ငွေကျပ် နှစ်သိန်းရှစ်သောင်းကို ၎င်းနှင့် ကျေးရွာ တာဝန်ခံ ဦးနူရ်ဟိုစိန်းတို့ ပူးပေါင်း၍ အလွဲသုံးစား ပြုလုပ်လျက် ရှိသည်။ 

ကျောင်းသား မိဘများက နောက်ထပ် ရွာခန့်ဆရာများ ခန့်ထားရန် ပြောကြသော်လည်း ၎င်းတို့နှစ်ဦးက ဆရာလေးဦးနှင့် လုံလောက်သည်၊ နောက်ထပ်ခန့် ထားရန် မလိုအပ်ဟု ပြောဆိုလေ့ ရှိသည်။ ကျောင်းသားမိဘများက သက်ဆိုင်ရသို့ တိုင်ကြားရန် ကြိုးစားသော်လည်း ကျေးရွာ တာဝန်ခံက ခြိမ်းခြောက်လေ့ ရှိသည်။ ရွာခန့် ဆရာလေးဦးက ကြိုးစား၍ သင်ပေးလျက် ရှိသော်လည်း ကျောင်းသား အလွန်များသောကြောင့် အရာမရောက် ဖြစ်နေသည်။ သို့ဖြစ်၍ ကျောင်းသား မိဘများက ၎င်းတို့၏ သားသမီးများ ပညာရေး အခြေအနေ ယိုယွင်း ပျက်ပြားနေသည်ကို စိုးရိမ်လျက် ရှိသည်။ ကျောင်းအထွေထွေ လုပ်သားကို ဖိအားပေး ပြောဆိုလျှင် နယ်ခြားစောင့်ရဲ များကို လုပ်ကြံ တိုင်တန်း၍ ငွေညှစ်စေသည်။ ယင်းကျေးရွာရှိ ပညာတတ် လူငယ်များက ကျေးရွာတွင် ကျူရှင်ပြလျှင်လည်း ကျောင်းအထွေထွေ လုပ်သားနှင့် ကျေးရွာ တာဝန်ခံ တို့က ကျောင်းဆရာ မဟုတ်သောကြောင့် ကျူရှင်ပြခွင့် မရှိဟုဆိုကာ အာဏာပြ၍ ပိတ်ပင်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus