နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း ပြိုင်းတောင် ကျေးရွာ တာဝန်ခံက ရွာသားများကို အတင်းအဓမ္မခိုင်း၊ မလုပ်သူများ ထံမှ ငွေညှစ်



MYARF
RB News
1.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်းသည် ရွာသားများကို အတင်း အဓမ္မ လုပ်အားပေးရန် ခိုင်းစေလျက် ရှိသည်။ 

ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင်ရွာတွင် ကင်းရုံ (၃) ရုံရှိသည်။ ကင်းရုံ တစ်ရုံလျှင် ညစဉ် ရွာသား (၄) ဦးစီ အလှည့်ကျ ကင်းစောင့်ရသည်။ ကင်းသမားများကို ယခင်က နယ်ခြားစောင့်ရဲ များနှင့် စစ်သားများ လာရောက် စစ်ဆေးလေ့ ရှိသည်။ ယခုအခါ နယ်ခြားစောင့်ရဲ များနှင့် စစ်သားများက လာရောက် စစ်ဆေးခြင်း မပြုတော့ဘဲ၊ ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး များက သွားရောက် စစ်ဆေးသည်။ ကင်းစောင့်သူ များမှာ ည (၉) နာရီ အချိန်တွင် မတိုင်မှီ ကင်းရုံသို့ရောက်ရသည်။ ည ၁၀ နာရီထိုးလျှင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက လာရောက် စစ်ဆေးသည်။ ထို့နောက် ကင်းရုံ (၃) ရုံမှ ကင်းသမား (၁၂) ဦးကို ဦးဆော်လီမူလ္လာက ၎င်း၏ အိမ်သို့ ခေါ်ဆောင် သွားပြီး၊ ၎င်း၏ အိမ်သစ် ဆောက်လုပ်ရာတွင် ညလုံးပေါက် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းပြီး နောက်နေ့ နေထွက်မှသာ ပြန်လွှတ်ပေးသည်။ ထိုသို့ လုပ်အားပေး ခိုင်းစေခြင်းကို နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်၍ ယခုထိ ခိုင်းစေ နေခြင်း ဖြစ်သည်။

၎င်း၏ အိမ်သို့ အလုပ်လုပ်ရန် မသွားသူများကို ဘင်္ဂလားဖုန်း ရှိသည်၊ တရားမ၀င် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက် ခဲ့သည်ဟု အမျိုးမျိုး လုပ်ကြံကာ နယ်ခြားစောင့်ရဲ (သို့မဟုတ်) စစ်တပ်သို့ တိုင်တန်း၍ ငွေညှစ်သည်။ သို့ဖြစ်၍ ရွာသားများက မသွားချင်သော်လည်း ငွေညှစ်ခံရမည်ကို စိုးရိမ်၍ သွားရသည်။ ကင်းရုံသို့ အချိန်မှီ လာရောက်ရန် ပျက်ကွက်သော ကင်းသမားနှင့် လုံးဝ ပျက်ကွက်သော ကင်းသမားများကို ဒဏ်ငွေပေးဆောင် ရမည်ဟု ဆိုကာ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ထိုသို့ ကျေးရွာသား များအား အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေသည်ကို ရွာသားများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးအား တိုင်တန်းသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက အရေးယူ ဟန့်တားခြင်း မရှိဟု ဆိုသည်။ အေးလှသည့် ဆောင်းညတွင် တစ်ညလုံး ၎င်း၏အိမ်တွင် အလုပ်လုပ်ပြီး ပင်ပန်းသောကြောင့် နောက်နေ့တွင် ၀မ်းစာ အတွက် အလုပ်မဆင်းနိုင် ဖြစ်နေကြသည်။ နေ့စား အလုပ်သမားများမှာ တစ်ရက် အလုပ်လုပ် မလုပ်နိုင်လျှင် မိသားစု များပင် အငတ်နေရသည့် အနေအထားတွင် ရှိနေသည်။ ဆောင်းညတွင် အလုပ်လုပ်ရ၍ နာမကျန်း ဖြစ်နေသူများလည်း ရှိနေသည်။ 

ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက အောက်တိုဘာလ နောက်ဆုံး အပတ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်အရ မြို့နယ် အုပ်ချုပ်ရေးမှူး အတွက်ဟု ဆိုကာ ပြိုင်းတောင်ရွာ လမ်းဘေးရှိ အရိပ်ရသော ကိုက္ကိုပင် လေးပင် ခုတ်ဖြတ်ပြီး၊ ၎င်း၏ အိမ်တွင်သုံးခဲ့သည်။ ထိုအပင် လေးပင် ခုတ်ဖြတ်ရာတွင်လည်း ရွာသားများကို လုပ်အားပေး ခိုင်းခဲ့သည်။ 

ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်တင်ထွန်းဦးသည် ယခင်အပတ်က တာဝန်ဖြင့် ပြောင်းရွှေ့သွားပြီး ၎င်း၏ နေရာတွင် ရဲမှူး အသစ် တစ်ဦး ရောက်ရှိလာခဲ့သည်။ ရဲမှူး အသစ် ရောက်ရောက်ချင်းပင် တပည့် ဦးဆော်လီမူလ္လာက နောက်ဆုံးပေါ် ပန်ဒါ မော်တော်ဆိုင်ကယ် တစ်စီး ၀ယ်ပေးခဲ့သည်။ အသစ်ရောက်လာသူနှင့် အဆင်ပြေရန် အတွက် ယခုကဲ့သို့ ဆိုင်ကယ် အသစ် တစ်စီး ၀ယ်ပေးခဲ့ခြင်း ဖြစ်သည်။ 

အလားတူ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၁) မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ ဦးမူဟိဖ်ဘူလ္လာကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အာဏာပြကာ ဆင်းရဲသား ရွာသားများကို ၎င်းတို့၏ အိမ်များတွင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ အလုပ်မလုပ်ပေးသူ များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့အား တိုင်ကြား၍ ငွေညှစ်စေသည်ဟု ဆိုသည်။ အချို့ကို ၎င်းတို့ ကိုယ်တိုင် ရိုက်နှက်လေ့ ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus